ယခုပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းလိုင်စင်များ ဇွန်လအတွင်း
ထုတ်ပြန်သွားရန်ရှိကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။
ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားလိုသူများကို ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ဇန်န၀ါရီ ၁၃ ရက်မှစ၍ ၃၀ ရက်အထိ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး၊ ညွှန်ကြားရေးမှူးရုံးများသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုခဲ့သည်။
ရန်ကုန်မြို့တွင် ကိုယ်ပိုင်အထက်တန်းကျောင်းလျှောက်ထားသည့် ကျောင်းများကို အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ နှစ်ကြိမ်စီ လိုက်လံစစ်ဆေးခဲ့သည်။
‘‘ကိုယ်ပိုင်ကျောင်းတွေ အများကြီးချထားတဲ့အတွက် ကျောင်းသားတွေ ရွေးချယ်စရာအခွင့်အလမ်းတွေ ပေါ်လာတော့ ကောင်းတယ်လေ။ ဖွင့်လှစ်တဲ့ ကိုယ်ပိုင်ကျောင်းတွေလည်း တစ်ကျောင်းနဲ့ တစ်ကျောင်းမတူအောင် အပြိုင်အဆိုင်လုပ်လာတဲ့အတွက် ကလေးတွေ ပိုပြီးအကျိုးအမြတ်ရှိလာမယ်လို့မြင်ပါတယ်’’ဟု ဦးသန်းစိန်(သင်္ချာ) ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမဒေါ်ဇင်နီမြင့်ကပြောသည်။
ရန်ကုန်မြို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လိုင်စင်ရကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်းရှိပြီး တစ်နှစ်သက်တမ်းလိုင်စင်ရ ကျောင်း ၄၄ကျောင်းနှင့် ၂ နှစ်သက်တမ်းလိုင်စင်ရကျောင်း ၁၃ ကျောင်းရှိခဲ့သည်။ ယခု ပညာသင်နှစ် ၂၀၁၄-၁၅အတွက် အသစ်ထပ်မံလျှောက်ထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ၄၅ ကျောင်းနှင့် တစ်နှစ်သက်တမ်းကုန်သွားသည့် ကိုယ်ပိုင်ကျောင်း ၄၄ ကျောင်း စုစုပေါင်း ၈၉ ကျောင်းကို မေလအတွင်း လိုက်လံစစ်ဆေးပြီဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းလိုင်စင်ကို တစ်နှစ်၊ ၂ နှစ်နှင့် အားလုံးပြည့်စုံပါက အများဆုံးသုံးနှစ်အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဦးမင်းဇော်ကပြောကြားသည်။
ပုဂ္ဂလိကအထက်တန်းကျောင်းများ(သို့) ကိုယ်ပိုင်အထက်တန်းကျောင်းများ ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်၌ သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ၂၀၁၀-၁၁ ပညာသင်နှစ်မှစတင်၍ ကိုယ်ပိုင်အထက်တန်းကျောင်းများကို စမ်းသပ်ကာလ တစ်နှစ်သက်တမ်း၊ ယာယီကာလ နှစ်နှစ်သက်တမ်းနှင့် ပုံမှန်ကာလ ငါးနှစ်သက်တမ်း အသီးသီးခွင့်ပြုခဲ့သည်။

____7Days
No comments:
Post a Comment