EMG
အဝေးပြေးလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အဖြူအစိမ်းတူညီဝတ်စုံကိုယ်စီဖြင့် လူငယ်လေးများ၊ ကလေးငယ်များ ဟိုတစ်စုသည်တစ်စု ခပ်သွက်သွက်လျှောက်လှမ်းလျက် ရှိကြသည်။ သူတို့ပုခုံးကိုယ်စီတွင် လွယ်အိတ်များချိတ်လွယ်လျက်။ သူတို့လက်ကိုယ်စီမှာ ထမင်းချိုင့်လေးများက ဆွဲထားလျက်။ ဆောင်းနံနက်ခင်း၏ ဆီးနှင်းများကြားတွင်သာ မဟုတ်၊ ၀သန္တနံနက်ခင်း၏ မိုးစက်မိုးပေါက်များကြားတွင်လည်း သူတို့ခြေလှမ်းများက စည်းချက်မှန်ခဲ့ကြသည်သာ။ ထိုခြေလှမ်းများ၏ လားရာနရီမှာတော့ သူတို့နေထိုင်ကြီးပြင်းရာ ကျေးရွာများမှသည် အခြားကျေးရွာတစ်ရွာ သို့မဟုတ် မြို့စွန်ရပ်ကွက်တစ်ခုခုရှိ ပညာ့ဂေဟာ ကျောင်းတော်များဆီသို့သာ ဖြစ်ပါသည်။
"ကျောင်းကိုမနက် ၉ နာရီမတ်တင်း ရောက်နိုင်ဖို့အတွက် မနက် ၆ နာရီ ထရတယ်။ ကျောင်းကို သူငယ်ချင်းတွေနဲ့အတူ ရွာကနေ လမ်းလျှောက်သွားရတယ်။ ညနေကျောင်းက ၃ နာရီခွဲ ဆင်းရင် ရွာကို ၄ နာရီခွဲလောက် ရောက်ပါတယ်။ ကျောင်းဖွင့်ရက်နေ့တိုင်း ဒီလိုကျောင်းတက်ရတာ ပင်ပန်းပေမယ့် တစ်နေ့မှာ ဆယ်တန်းအောင် အလုပ်ရရင် တောလုပ်တောကိုင်ဘ၀ကနေ လွတ်မြောက်မယ်ဆိုတဲ့ စိတ်ထားခဲ့တော့ ကျောင်းတက်ရတာကို ပျော်တယ်"။
ချောက်မြို့နယ်ရှိ ဂွေးချို အ. ထ.က ကျောင်းသို့ နှစ်မိုင်ခန့်ဝေးကွာသော ဥယျာဉ်ရွာမှ ငါးတန်းမှရှစ်တန်းအထိ ခြေလျင်ဖြင့် ကျောင်းတက်ခဲ့သူ မအိဖြူစင်က ပြောပြတာဖြစ်သည်။ ယခုတော့ သူသည် တက္ကသိုလ်ဝင်တန်း ကျောင်းသူဖြစ်နေပြီ။ မြို့တွင် ဘော်ဒါနေကာ ကျောင်းတက်နေပြီ။ ခြေလျင်ခရီးဖြင့်စခဲ့ရသော ပညာခရီးသည် ယခုတော့ ဆယ်တန်းအောင်ရမည်ဆိုသည့် အိပ်မက်ဆီ နီးကပ်နေခဲ့ပြီ။
သည်လိုပညာရှာမှီးရေးအတွက် ခရီးဝေးကို ခြေလျင်နှင်ရသော ကျောင်းသူကျောင်းသားလေးများကို မကွေးမှ နတ်မောက်သို့သွားရာလမ်း၊ မကွေးမှ ရေနံချောင်း-ချောက်သို့ သွားရာလမ်းနှင့် မကွေးမှ မင်းဘူးသွားရာလမ်းတစ်လျှောက် ကျောင်းဖွင့်ရာသီ၏ ကျောင်းတက်ကျောင်းဆင်းချိန်တိုင်း တွေ့ရလေ့ရှိပါသည်။ ထိုကျောင်းသူ ကျောင်းသားလေးများကို မြင်တွေ့ရတိုင်း 'လူဖြစ်တော့လည်း လူချင်းမတူ၊ နတ်ဖြစ်တော့လည်း နတ်ချင်းမတူ' ဟူသောစကားကို ကြားယောင်လာမိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအချင်းချင်း ဒိုးယိုပေါက် ကူးလူးဆက်ဆံနေသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ ပညာသည်သာ အခရာဟူ၍ နိုင်ငံရပ်ခြားများသို့ ပညာရှာသွားသူတွေ သွားနေကြသည့် ပညာခေတ်၊ အင်တာနက်အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေကြသော နည်းပညာခေတ်ကြီးတွင် နှစ်မိုင်၊ သုံးမိုင်ကွာဝေးသော ခရီးများကို နေ့စဉ်အသွားအပြန် လမ်းလျှောက်၍ ပညာဆည်းပူးကြရသော ထိုကျောင်းသူကျောင်းသားများမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေကြသူများပမာ။
မကွေး-နတ်မောက် ကားလမ်းပေါ်ရှိ အထက်တန်းကျောင်းများတည်ရှိသော ကြာကန်ကျေးရွာနှင့် ညောင်ကန်ကျေးရွာများသို့ နီးစပ်ရာကျေးရွာများမှ အစသုံးမိုင်ကျော်ခန့်ကွာဝေးသော ကျေးရွာများကပင် ကျောင်းလာတက်ကြသူများ ရှိသည်။ မင်းဘူးမြို့ အထက (၂) သို့ မင်းလှ-မင်းဘူး လမ်းဆုံအနီး ကျွဲသိုးမြှောင်ကျေးရွာ အပါအ၀င် မကွေး-မင်းလှ ကားလမ်းပေါ်မှ ကျေးရွာများကပင် လာရောက်၍ ကျောင်းတက်ကြရသည်။ ရေနံချောင်းမြို့ အထက (၂)၊ အထက (၃) ကျောင်းများမှာ မြို့အ၀င်အထွက် ရပ်ကွက်များတွင် တည်ရှိသောကြောင့် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများမှ နေ့စဉ်အသွားအပြန် ကျောင်းတက်သူများ ရှိကြသည်။ ကျေးရွာအားလုံးနီးပါးတွင် မူလတန်းကျောင်းများ တည်ရှိကြသော်လည်း အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိသေးခြင်းက ထိုကဲ့သို့ ခြေလျင်ကျောင်းတက်ရသူများ၏ သန္ဓေတည်ရာအချက် ဖြစ်နိုင်ပါသည်။
"ရွာကနေကျောင်းကို နှစ်မိုင်လောက်လမ်းလျှောက်ရတယ်။ မနက် ၇ နာရီလောက် ထလာရတယ်။ ညနေကျောင်းဆင်းတော့ ညနေ ၅ နာရီကျော်လောက် ပြန်ရောက်ပါတယ်။ အခက်အခဲရှိတာကတော့ မိုးသိပ်ရွာတဲ့နေ့၊ နေပြင်းတဲ့နေ့မျိုးပဲ။ မိုးသိပ်များတဲ့နေ့မျိုးဆို ပြန်ဖို့တောင်ခက်တယ်"။
ရေနံချောင်းမြို့ အ.လ.က (၄) သို့ နတ်ကန်ဦးရွာမှ ခြေလျင်ကျောင်းတက်ခဲ့ရသူ မောင်ဝေဇင်ဦးက ပြောပြခဲ့သည်။
မည်သည့်အရပ်ဒေသတွင် သန္ဓေတည်၍ မည်ကဲ့သို့အ၀န်းအ၀ိုင်းတွင် ကြီးပြင်းခဲ့ပါစေ ပညာဟူသည် မြတ်ရွှေအိုးဟူသောစကားကို ရင်ဝယ်ပိုက်ကာ ပညာရှာကြသော ကျောင်းသူကျောင်းသားလေးများက ဇွဲလုံ့လအပြည့်ပင်။ ထို့အတူ တောင်သူယာလုပ်၍ ဘ၀ရပ်တည်ကြရသော်လည်း သားသမီးများအား မဖြစ်ဖြစ်အောင် ကျောင်းထားပေးနေသော မိဘများ၏ စေတနာမှာလည်း လေးစားစဖွယ်။ နံနက် ၉ နာရီ ကျောင်းတက်ချိန်မီရန် နှစ်မိုင်ကျော်ခန့်ဝေးသောခရီးကို ခြေလျင်လျှောက်ရမည့် သားသမီးများ၏ နံနက်စာနှင့် နေ့လယ်စာအတွက် မိဘများက အစောဆုံးထ၍ ပြင်ဆင်ပေးကြရပါလိမ့်မည်။ ယခုလို ဆောင်းတွင်းအချိန်ဆိုလျှင် ညနေလေးနာရီ ကျောင်းဆင်း၍ မိမိရပ်ရွာသို့ ကျောင်းသူကျောင်းသားလေးများ ပြန်ရောက်ချိန်မှာ နေမင်းကြီးလည်းကွယ်နေချိန် ဖြစ်ပါလိမ့်မည်။ နံနက်အစောကြီးထ လမ်းလျှောက်၍ ညနေနေ၀င်ချိန်မှ အိမ်ပြန်ရောက်လာလေ့ရှိသော ကျောင်းသူကျောင်းသားလေးများ၏ စာကျက်ချိန်နှင့် နားနေချိန်ဆိုသည်များမှာ လမိုက်ညထဲမှ ကြယ်တာရာများပမာ ဖြစ်နေလိမ့်မည်ပင်။
ထိုသို့ ခြေလျင်ခရီးဖြင့် ပညာရှာမှီးကြရသော ကျောင်းသူကျောင်းသားလေးများက လမိုက်ညထဲမှ ကြယ်တာရာများဖြစ်ပါသည် ဆိုဦးတော့ တိမ်သလာကင်းစင်ချိန်တွင် လင်းလက်နိုင်ကြပါလိမ့်ဦးမည်။ သူတို့ကဲ့သို့ ခြေလျင်လျှောက်၍ ပညာသင်လိုသော်လည်း အလယ်တန်းနှင့် အထက်တန်းပညာကို ဆက်လက်သင်ယူရန် မစွမ်းသာသည့် ကလေးငယ်များကတော့ လမိုက်ညဖြစ်စေ လပြည့်ညဖြစ်စေ မလင်းလက်နိုင်ဘဲ ရှိနေကြပါလိမ့်မည်။
ဆယ်စုနှစ်နှစ်စုကျော်ခန့်က ကျေးရွာနှင့် ဆက်စပ်မှုရှိသည့် မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်၍ ကျောင်းတက်သူများ အတော်များခဲ့ဖူးသည်။ ယခုနှစ်ပိုင်းများတွင်တော့ မြို့စွန်ရပ်ကွက်များ၊ စာသင်ကျောင်းနှင့် နီးစပ်ရာနေရာများတွင် ဘော်ဒါဆောင်များရှိလာခဲ့ပြီး ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား နေထိုင်၍ ပညာသင်ယူသူများ အတော်နည်းပါးလာခဲ့သည်။ မြို့နှင့်ဝေးလွန်းသော ကျေးရွာများမှ ပညာသင်ယူသူများသာ ထိုသို့ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်လေ့ရှိကြပြီး မြို့နှင့်အတော်အသင့်ဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများကတော့ နေ့စဉ်အသွားအပြန် ကျောင်းတက်လေ့ရှိကြသည်။ ခြေလျင်ကျောင်းတက်ရသူများကို ခရီးသွားကားနှင့် ဆိုင်ကယ်များက လမ်းကြုံတင်သွားလေ့ ရှိကြသည်။
အချို့ကျေးရွာများမှ သံဃာတော်များနှင့် ဘွဲ့ရပြီးသူအချို့ကမူ ကျောင်းသားကျောင်းသူလေးများ လမ်းလျှောက်ရခြင်းမှ ကင်းဝေးစေရန် စာသင်ကျောင်းများနှင့် အနီးတစ်ဝိုက်တွင် နေရာရှာ၍ ပညာဒါနပြု သင်ကြားပေးနေကြသည်လည်း ရှိပါသည်။ ရေနံချောင်း-ချောက်-ကျောက်ပန်းတောင်း လမ်းဆုံဂွေးချိုကျေးရွာမှ မိတ်ဆွေကဗျာဆရာတစ်ယောက်ကတော့ နီးစပ်ရာကျေးရွာများရှိ ကျောင်းသူကျောင်းသားများအတွက် ငွေကြေးတစ်ဝက်၊ ပရဟိတတစ်ဝက်ဖြင့် ဘော်ဒါဖွင့်ထားသည်။ သူနှင့်သူ့ဇနီးတို့မှာ ဂွေးချိုကျေးရွာရှိ သူတို့အိမ်ဝိုင်းထဲတွင် ကျောင်းသားဆောင်၊ ကျောင်းသူဆောင်ခွဲ၍ ထန်းရွက်မိုးထရံကာအဆောက်အအုံများ ဆောက်ထားပြီး ကျေးရွာအခေါ် တင်းကုတ်ကြီးတစ်ခုကို စာသင်ဆောင်အဖြစ် သတ်မှတ်ထားသည်။ နီးစပ်ရာကျေးရွာများမှ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားများအား ငွေကြေးတတ်နိုင်မှသာ လခသတ်မှတ်၍ ငွေကြေးမတတ်နိုင်သူများအား သူတို့ထမင်းသူတို့စားစေပြီး ပညာအခမဲ့ သင်ကြားပေးနေခြင်း ဖြစ်သည်။
သူကဘွဲ့ရပြီးနောက်ပိုင်း အစိုးရအလုပ်လည်း မလုပ်ချင်၊ စာသင်တာလည်းဝါသနာပါ၍ သူ့မိသားစုဘ၀ စားလောက်ရုံရလျှင် ကုသိုလ်လည်းရ ၀မ်းလည်းဝသဘောမျိုးဖြင့် ထိုကဲ့သို့ ဘော်ဒါဆောင်ဖွင့်ခဲ့ခြင်းပင်။ အချို့မိဘများကတော့ ငွေကြေးမတတ်နိုင်သောကြောင့် ဆန်၊ ဆီ၊ ပြောင်း စသည့် ရာသီပေါ်သီးနှံများ လာရောက်ပေးလေ့ရှိကြောင်း သူကရှင်းပြသည်။ ညနေစောင်း၍ ကျောင်းဆင်းသောအခါ ကျောင်းသူကျောင်းသားအတော်များများမှာ အဖြူအစိမ်းကိုပင် မလဲသေးဘဲ ထမင်းအိုးလေးများကိုယ်စီဖြင့် ထမင်းချက်ကြသည်ကို မြင်တွေ့ခဲ့ရသည်။
ထမင်းကို ချက်ပေးလိုက်ပြီးရောဗျာ၊ သူတို့မှာ ကျောင်းကပြန်ရောက်ခါစ ရှိသေးတယ်ဟု သူ့အားပြောမိခဲ့သည်။ "သူတို့အားလုံးကို ထမင်းစုချက်ပေးရတာ ဘာပင်ပန်းတာမှတ်လို့ဗျာ။ အများစာကို အလှည့်ကျနဲ့ အချက်ခိုင်းလည်းရတာပဲ။ ဒါပေမယ့် သူတို့အိမ်တွေကပို့တဲ့ ဆန်တွေက မတူဘူးလေဗျာ။ တချို့ဆို ဆန်တောင်မဟုတ်ဘူး၊ ဆန်ကွဲကိုပဲ ပို့နိုင်တဲ့မိဘတွေ ရှိတယ်။ ခင်ဗျားသိသာအောင်ပြောရရင် ဆန်ကွဲကိုတောင် တစ်ပတ်တစ်ခါပို့နိုင်တာ မဟုတ်ဘူး၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ ပို့ရသူတွေရှိပြီး ဆန်ကွဲမှာမှ သုံးမျိုးလောက် ရှိသေးတယ်" ဟု သူက ပြောပြသည်။
ထိုစကားကိုကြားလျှင်တော့ မကွေးမှဂွေးချိုအထိ မိုင်ငါးဆယ်ခရီးကို
ဆိုင်ကယ်စီးခဲ့ရသော အမောထက် ထုထည်ပိုကြီးမားသည့်အမောကို ခံစားခဲ့ရသည်။
မိမိရှေ့တည့်တည့်မှ ထမင်းချက်နေသော ကျောင်းသူကျောင်းသားလေးများကို
ငေးကြည့်ရင်း ခရီးသွားတိုင်းလမ်းမှာ မြင်တွေ့ရလေ့ရှိသော
ခြေလျင်ကျောင်းတက်ရသည့် ကျောင်းသူကျောင်းသားလေးများကို
မြင်ယောင်နေမိခဲ့သည်။
ထိုကျောင်းသူ၊ ကျောင်းသားလေးများအား ငယ်စဉ်က သတင်းစာပို့ရင်း ပညာကိုလေ့လာသင်ယူခဲ့ရသော သောမတ်စ်အက်ဒီဆင်မှာ လျှပ်စစ်မီးသီးကို တီထွင်နိုင်သူ ဖြစ်ခဲ့ကြောင်း၊ နေထိုင်ရာကျေးရွာမှ ခြောက်မိုင်ကျော်ကွာဝေးသော ခရီးကိုခြေလျင်လျှောက်၍ ပညာဆည်းပူးခဲ့ရပြီး ညပိုင်းစာဖတ်သည့်အခါ ထင်းမီးဖိုအလင်းရောင်ဖြင့် ဖတ်ခဲ့ရသော်လည်း အေဘရာဟင်လင်ကွန်းမှာ အမေရိကန်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတကြီးဖြစ်ခဲ့ဖူးကြောင်း၊ ဒူးအောက်ပိုင်းမှစ၍ ကာဗွန်ဖိုင်ဘာခြေတုနှစ်ချောင်း တပ်ထားရသော်လည်း အော်စကာပစ်တိုးရီးယက်စ်ဆိုသူမှာ ပြိုင်မြင်းတစ်ကောင်နှင့် အပြေးပြိုင်ရာတွင် အနိုင်ရရှိခဲ့ဖူးကြောင်းများကို ပြောပြအားပေးချင်နေခဲ့မိပါသည်။
"ကျွန်တော်နဲ့အတူ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတချို့ အထက်တန်းကိုမတက်နိုင်ခဲ့ပါဘူး။ တောင်သူဘ၀နဲ့ ကျွန်တော့်ကို ကြိုးစားပညာသင်ပေးခဲ့တဲ့ မိဘတွေကို ပညာနဲ့ကျေးဇူးဆပ်ဖို့ ကြိုးစားနေပါတယ်"။ ကျောင်းဆင်းချိန် ဆောင်းနေခြည်အောက်တွင် ရေနံချောင်း အ.ထ.က (၂) မှ မောင်ဝေဇင်ဦးက ပြောပြနေသည်။
မြို့ပေါ်ရှိကျောင်းများက ကျောင်းဆင်းပြီ။ ကျောင်းသားကျောင်းသူလေးများသည် သူတို့ကျေးရွာလေးများဆီ ပြန်နေကြသည်။ သူတို့သည် ခြေလျင်ခရီးဖြင့် ကျောင်းတော်ဆီလာခဲ့ကြသည်။ ယခုတော့ ခြေလျင်ခရီးဖြင့်ပင် နေအိမ်လေးများဆီ ပြန်နေကြသည်။ ပင်ပန်းမှုသည် သူတို့၏ခြေလှမ်းလေးများကို ယိုင်နဲ့စေတာလည်း ရှိကောင်းရှိမည်။ သို့သော် ခြေလှမ်းများ ရှေ့ဆက်နေဆဲ။ ရှေ့တွင်တော့ သူတို့၏အနာဂတ် အိပ်မက်ရှိနေလေသည်။

မြို့ပေါ်ရှိကျောင်းများက ကျောင်းဆင်းပြီ။ ကျောင်းသားကျောင်းသူလေးများသည် သူတို့ကျေးရွာလေးများဆီ ပြန်နေကြသည်။ သူတို့သည် ခြေလျင်ခရီးဖြင့် ကျောင်းတော်ဆီ လာခဲ့ကြသည်။ ယခုတော့ ခြေလျင်ခရီးဖြင့်ပင် နေအိမ်လေးများဆီ ပြန်နေကြသည်။ ပင်ပန်းမှုသည် သူတို့၏ခြေလှမ်းလေးများကို ယိုင်နဲ့စေတာလည်း ရှိကောင်းရှိမည် သို့သော်ခြေလှမ်းများ ရှေ့ဆက်နေဆဲ။ ရှေ့တွင်တော့ သူတို့၏အနာဂတ် အိပ်မက်ရှိနေလေသည်။ |
ထိုကျောင်းသူ၊ ကျောင်းသားလေးများအား ငယ်စဉ်က သတင်းစာပို့ရင်း ပညာကိုလေ့လာသင်ယူခဲ့ရသော သောမတ်စ်အက်ဒီဆင်မှာ လျှပ်စစ်မီးသီးကို တီထွင်နိုင်သူ ဖြစ်ခဲ့ကြောင်း၊ နေထိုင်ရာကျေးရွာမှ ခြောက်မိုင်ကျော်ကွာဝေးသော ခရီးကိုခြေလျင်လျှောက်၍ ပညာဆည်းပူးခဲ့ရပြီး ညပိုင်းစာဖတ်သည့်အခါ ထင်းမီးဖိုအလင်းရောင်ဖြင့် ဖတ်ခဲ့ရသော်လည်း အေဘရာဟင်လင်ကွန်းမှာ အမေရိကန်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတကြီးဖြစ်ခဲ့ဖူးကြောင်း၊ ဒူးအောက်ပိုင်းမှစ၍ ကာဗွန်ဖိုင်ဘာခြေတုနှစ်ချောင်း တပ်ထားရသော်လည်း အော်စကာပစ်တိုးရီးယက်စ်ဆိုသူမှာ ပြိုင်မြင်းတစ်ကောင်နှင့် အပြေးပြိုင်ရာတွင် အနိုင်ရရှိခဲ့ဖူးကြောင်းများကို ပြောပြအားပေးချင်နေခဲ့မိပါသည်။
"ကျွန်တော်နဲ့အတူ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတချို့ အထက်တန်းကိုမတက်နိုင်ခဲ့ပါဘူး။ တောင်သူဘ၀နဲ့ ကျွန်တော့်ကို ကြိုးစားပညာသင်ပေးခဲ့တဲ့ မိဘတွေကို ပညာနဲ့ကျေးဇူးဆပ်ဖို့ ကြိုးစားနေပါတယ်"။ ကျောင်းဆင်းချိန် ဆောင်းနေခြည်အောက်တွင် ရေနံချောင်း အ.ထ.က (၂) မှ မောင်ဝေဇင်ဦးက ပြောပြနေသည်။
မြို့ပေါ်ရှိကျောင်းများက ကျောင်းဆင်းပြီ။ ကျောင်းသားကျောင်းသူလေးများသည် သူတို့ကျေးရွာလေးများဆီ ပြန်နေကြသည်။ သူတို့သည် ခြေလျင်ခရီးဖြင့် ကျောင်းတော်ဆီလာခဲ့ကြသည်။ ယခုတော့ ခြေလျင်ခရီးဖြင့်ပင် နေအိမ်လေးများဆီ ပြန်နေကြသည်။ ပင်ပန်းမှုသည် သူတို့၏ခြေလှမ်းလေးများကို ယိုင်နဲ့စေတာလည်း ရှိကောင်းရှိမည်။ သို့သော် ခြေလှမ်းများ ရှေ့ဆက်နေဆဲ။ ရှေ့တွင်တော့ သူတို့၏အနာဂတ် အိပ်မက်ရှိနေလေသည်။
No comments:
Post a Comment