ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, June 3, 2014

ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းဘယ်မှာ ထားရမလဲ


ဇွန်လ ၂ ရက်နေ့ဆို  ကျောင်းတွေ ဖွင့်ပါတော့မယ်။ ကျမတို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုရင် အစိုးရကျောင်း တကျောင်း တည်းသာ ရှိတဲ့ခေတ်မို့ ကျောင်းရယ်လို့ များများရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီဘက် ခေတ်မှာတော့ ရွေးချယ်စရာ ကျောင်းတွေက များလာပါပြီ။ အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ နိုင်ငံတကာကျောင်း စသဖြင့် ကျောင်းတွေက အများကြီးပါ။ ကျောင်းတွေများလာသလို ကျောင်းစရိတ်တွေကလည်း များလာတော့တာပါပဲ။

တခန်းမှာ လူခြောက်ဆယ်ကနေ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ ရှိနေတဲ့ အစိုးရကျောင်း များမှာကလည်း ကလေး တယောက်ချင်းစီကို ဆရာမက ဂရုစိုက်ဖို့ မလွယ်တာမို့ ကိုယ့်ကလေး စာတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများက ကျူရှင်အပို ထားကြရပါတယ်။ အတန်းပိုင်ကျူရှင်၊ အပြင်ကျူရှင် စတဲ့ ကျူရှင်တွေ ကြားထဲမှာ ကလေးတယောက်ရဲ့ လုံလောက်တဲ့ အိပ်ချိန်၊ ကစားချိန်၊ ကိုယ်လက် လှုပ်ရှားချိန်၊ ကိုယ်ပိုင်အပန်းဖြေချိန် ဘာဆိုဘာမှ မရှိတော့ပါဘူး။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။
အစိုးရကျောင်းက ဆရာ ဆရာမတို့ရဲ့ သင်ရိုးစနစ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကလေးကို ဘယ်လို ဗဟိုဘယ်လို ပြုတယ်ပဲပြောပြော စာတွေကို အလွတ်ရွတ်ခိုင်း၊ ကျက်ခိုင်းနေတုန်းပါပဲ။

ဒါကြောင့်မို့လို့ ကလေးတို့ဟာ စာတွေကို ပင်ပန်းကြီးစွာနဲ့ အလွတ်ရဖို့ ကျက်ဆိုကြရပါတယ်။  အစိုးရကျောင်းများမှာ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေအောင်လို့ လေ့ကျင့်ပေးတဲ့ စံနစ် (Creativity)၊ စနစ်တကျ ယုတ္တိရှိရှိ တွေးခေါ်စဉ်းစားစေတတ်တဲ့ အကျင့်        (Critical thinking)၊ ကျိုးကြောင်းညီညွတ်စွာ တွေးတတ်ခေါ်တတ်ဖို့ (Logical thinking skills)  စတဲ့ အရာတွေကို ကလေးတို့  တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်အောင်လို့ သင်ကြားပေးနိုင်မှု လုံးဝမရှိသေးပါဘူး။

ကျောင်း တော်တော်များများနဲ့ စာသင်ခန်း တော်တော်များများဟာ ဖတ်စာအုပ်ထဲက စာတွေကို စာအုပ်ထဲမှာ ပြန်ကူးထည့် ဖို့နဲ့ စာတွေကို ကလေးတွေ အလွတ်ရွတ်ခိုင်း ကျက်ခိုင်းဖို့ကိုပဲ ပြုလုပ်နေကြပါသေးတယ်။ ကိုးတန်း ဆယ်တန်း ရောက်တဲ့ အချိန်ထိ ကလေးတို့ မြန်မာစာကို ဟထိုးနဲ့ တချောင်းငင် မှားနေသေးတာ၊ အပေါင်းအနုတ်ကိုတောင်မှ သေသေချာချာ မပေါင်းတတ်၊ မနုတ်တတ် သေးတာတွေကို ကြည့်မယ်ဆိုရင်ဖြင့် အစိုးရကျောင်းများရဲ့ သင်ရိုးစံနစ်နဲ့ သင်ကြားမှုပိုင်း၊ ကျောင်းသားနဲ့ ဆရာဦးရေ မလုံလောက်မှုအပိုင်း၊ ဆရာတို့ရဲ့ သင်ကြားမှု အရည်အသွေး လိုအပ်မှုအပိုင်းတွေကို ကျမတို့ မြင်တွေ့ နေကြရပါတယ်။ ဒါဟာ ကျမတို့နိုင်ငံ ပညာရေးစနစ်ရဲ့ အားနည်းမှုအပိုင်းတွေပါ။

မြန်မာပြည်ရဲ့ တတ်နိုင်တဲ့ လက်တဆုပ်စာ လူတန်းစားများကတော့ အစိုးရကျောင်းမှာ မထားဘဲနဲ့ နိုင်ငံတကာ ကျောင်းလို့ခေါ်တဲ့ ပိုက်ဆံ များများပေးရတဲ့ ကျောင်းတွေမှာ ကလေးတွေကို ထားကြပါတယ်။ ဒီကျောင်းတွေမှာကတော့ နိုင်ငံခြားသား (အဖြူ) တွေ ကိုယ်တိုင်သင်လေ ကျောင်းလခတွေ ဈေးကြီးကြလေပါပဲ။ ဒါပေမယ့် ဒီနိုင်ငံကို အကြောင်း အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ နိုင်ငံခြားသား အများစုဟာ ကျောင်းဆရာ အစစ်တွေ မဟုတ်ကြပါဘူး။

အင်္ဂလိပ်လို ပြောတတ်ကြပေမယ့် ကျောင်းဆရာ အစစ်မဟုတ်သလို၊ တချို့များဆို ကလေးတို့အတွက် ဆရာဖြစ်ဖို့ မသင့်တော်တဲ့ သူများတောင်မှ ပါကြပါသေးတယ်။ ဗီဇာအတွက် အလုပ်တခုကို အမြန်ရဖို့လိုတာမို့ လွယ်လွယ်ပဲ တွေ့တဲ့ကျောင်းမှာ ကျောင်းဆရာ ၀င်လုပ်ကြပါတယ်။

ကျောင်းတွေကလည်း နိုင်ငံခြားသားများများ ရှိဖို့ လိုတာမို့ မငြင်းကြတာများတယ်။

သူများနိုင်ငံတွေမှာ ကျောင်းဆရာ အလုပ်ဆိုတာ တွေ့ကရာလူ ၀င်လုပ်လို့မရပေမယ့် ကျမတို့နိုင်ငံမှာတော့ဖြင့် သိပ်ကိုမှ လွယ်ကူလွန်းပါတယ်။ ဒီတော့ သားသမီးတို့ ကျောင်းလခအတွက် တလကို ပိုက်ဆံ သိန်းချီပြီးတော့ အကုန်အကျခံရပေမယ့် မိဘတွေကုန်ကျသလောက် ကလေးတို့ခမျာ မရကြရှာတော့ပါဘူး။

နိုင်ငံတကာ ကျောင်းထားတဲ့ မိဘများ အနေနဲ့ကလည်း ကလေးအတန်း ကြီးလာတာနဲ့အမျှ ကျောင်းလခတွေ ဈေး ပိုကြီးလာတဲ့ကိစ္စ၊ နိုင်ငံခြား တက္ကသိုလ်တခုခုကို သွားတက်တဲ့အခါမှာ အင်္ဂလိပ်လို ပြောနိုင်တာက လွဲရင် ကျန်တဲ့ တွေးမှုခေါ်မှု၊ စဉ်းစားမှုအပိုင်း၊ သိပ္ပံ စတာတွေမှာ အခြေခံ ပိုင်ပိုင်နိုင်နိုင် သင်မပေးလိုက်နိုင်တဲ့ ကိစ္စများကြောင့် စိတ်ပျက်ကြရ ပြန်ပါတယ်။

အခု အစိုးရကိုယ်ပိုင် အထက်တန်း ကျောင်းဆိုတာတွေ ပေါ်လာပြန်တော့ နိုင်ငံတကာ ကျောင်းကိုလည်း မကြိုက်၊ အစိုးရ ကျောင်းများကိုလည်း မထားချင်တဲ့ မိဘများက ကိုယ်ပိုင် အထက်တန်း ကျောင်းများဆီကို သားသမီးများကို ပို့ကြ ပြန်ပါတယ်။ ဒီကျောင်းတွေကတော့ အစိုးရကျောင်းတွေထက် စာရင် စာသင်ခန်းတွေထဲမှာ ကျောင်းသားဦးရေ ပိုနည်းပါတယ်။ ဒါပေမယ့် သင်တဲ့စာတွေကို ဂိုက်အချိန်မှာ တခါတည်း အလွတ်ကျက်ခိုင်းတဲ့ စနစ်ကို သုံးသေးတာမို့ အစိုးရ ကျောင်းများရဲ့ ကျက်ဉာဏ်၊ မှတ်ဉာဏ် စနစ်ကို အားကိုးပြီးတော့ စာမေးပွဲဖြေရတဲ့ စနစ်ကြီးကနေ ရုန်းမထွက် နိုင်သေးပါဘူး။ စာတွေကို အလွတ်ရအောင် ကျက်ပြီးတော့ ပြန်ဖြေရတဲ့ သင်နည်းစနစ်ပဲမို့ ပြောရမယ် ဆိုရင်တော့ ကလေးတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တွေကို ထက်မြက်လာအောင်၊ ကလေးတို့ တီထွင်ဖန်တီးတတ်လာအောင်၊ တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်လာအောင်လို့ စာသင်ခန်းတွေ၊ သင်ရိုးညွှန်းတမ်းတွေက မလုပ်ပေးနိုင်သေးပါဘူး။

ဘယ်ကျောင်းထားမလဲ၊ ဘယ်မှာ ထားမလဲ၊ ကုန်ကျစရိတ် ဘယ်လောက်လဲ၊ တက္ကသိုလ် တက်ရင် နိုင်ငံခြားကို ပို့မှာလား၊ ဒါမှမဟုတ် ဆယ်တန်းမှာ အမှတ် ကောင်းကောင်းရအောင်လို့ ကလေးကို ကျက်ခိုင်းပြီးတော့ ပြည်တွင်းက အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်မှာပဲ ထားရမလား စသဖြင့် ငွေကြေး အသင့်အတင့် တတ်နိုင်သူ ဒီခေတ်မိဘများခမျာ သားသမီး ပညာရေးအတွက် တွေးရတောရ၊ စဉ်းစားရပါတယ်။

အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ အနေနဲ့ သင်နည်းစနစ်များ ခေတ်မီဖို့ လိုသေးသလို၊ သင်နည်းစနစ် ခေတ်မီပါတယ် ဆိုတဲ့ ပုဂ္ဂလိက ကျောင်းများမှာလည်း သင်ရိုးညွှန်းတမ်း ခိုင်ခိုင်မာမာ မရှိတာ၊ ကျောင်းတွေမှာ နိုင်ငံခြားသား ဖြစ်ရင်ပြီးရော တွေ့ကရာလူကို ဆရာအဖြစ် ဆွဲခန့်ပြီးတော့ သင်ခိုင်းတာတွေလည်း အများကြီးပါ။ ကျောင်းဝင်းကြီးတွေ ကောင်းအောင် အားထုတ်ကြ၊ စာသင်ခန်းတွေ ကောင်းအောင် အားထုတ်ကြပေမယ့် စာတကယ် သင်တတ်တဲ့၊ သင်နိုင်တဲ့ ဆရာတွေကို ငှားဖို့တော့ အားထုတ်မှု နည်းသေးတဲ့ ပုဂ္ဂလိက နိုင်ငံတကာ ကျောင်းများမှာ သားသမီး ပညာရေးအတွက်  ပိုက်ဆံတွေအများကြီး ပေးပြီးတော့ ထားနေကြရတဲ့ အဖြစ်ကလည်း ကျမတို့နိုင်ငံရဲ့ ကလေးများအတွက် စိတ်မကောင်းစရာပါပဲ။

ငွေတံတား ခင်းပေမယ့်လည်း ကျမတို့နိုင်ငံမှာ ပညာစနစ် ကောင်းကောင်းကို ကလေးတို့ ရနိုင်ဖို့ မလွယ်ကူကြလှ သေးပါဘူး။ ပညာရေး ဆိုတာဟာ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အသက်ပါ။

ပညာရေး သေဆုံးခြင်းဟာ နိုင်ငံတနိုင်ငံ သေဆုံးခြင်းပါပဲ။ အထူးသဖြင့် အခြေခံပညာဟာ ပိုပြီးတော့ အရေးကြီးလှပါတယ်။ ဘွဲ့ရ ပညာမတတ်တွေ များတဲ့ ကျမတို့နိုင်ငံမှာ ကလေးတို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ တကယ်ကို ပညာတတ်စေဖို့ မိဘများအနေနဲ့ ကျောင်းရွေးကြရ ပါတော့မယ်။

ကျောင်းတွေဖွင့်တော့မယ် …။ ကလေးတို့ကို ဘယ်ကျောင်းပို့ကြမလဲ…..။

အခုထိတော့  တနှစ်တခါဆိုသလို မိဘများ အဲဒီလို စဉ်းစားနေကြရဆဲပါ။

____ ဧရာဝတီ

ခန္ဓာမသန်စွမ်း သော်လည်း စိတ်ဓာတ် သန်စွမ်းသူ

ပထမဆုံးနေ့ဖြစ်ရာ ကျောင်းဆီသို့ ရောက်လိုစိတ်စောနေသည့် ၁၀ တန်းကျောင်းသူ မတင်ဋ္ဌေးရီ တယောက် ကမ္ဘာအေးဘုရား လမ်းကိုဖြတ်ကာ လမ်းတဘက်ဆီသို့ ကူးလိုက်သည်။ ထိုစဉ် အဝေးမှ မောင်းနှင်လာသည့် စစ်ကားတစီးက သူလွယ်ထားသည့် လွယ်အိတ် ကလေးနှင့်ချိတ်လျက်သား ဖြစ်ကာ ဆွဲယူသွားပြီး လူခန္ဓာကိုယ် တခုလုံး ကတ္တရာလမ်း တလျှောက် ဒယဥ့်တိုက် ပါသွားခဲ့သည်။

ဆယ်တန်းကျောင်းသူ သမီးကို ကိုယ်တိုင်ကားမောင်းကာ ကျောင်းလိုက်ပို့သည့် စစ်တပ် အရာရှိတဦး၏ ကားသည် တခြားသော ကားများကို ဆက်တိုက် တိုက်မိပြီး အဝေးဆီသို့ မောင်းထွက်သွားချိန်တွင် အသက် ၁၆ နှစ် ၀န်းကျင် အရွယ်ရှိ မတင်ဋ္ဌေးရီမှာ ပေတရာ လမ်းမပေါ်သို့ ပုံရက်သား ကျကျန်ခဲ့၍ လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားတော့သည်။

ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ရောက်သွားသည့် မတင်ဋ္ဌေးရီသည် ရက်အနည်းငယ်ကြာ သတိလစ်နေခဲ့သည်။ ပြန်လည် ကောင်းမွန်လာချိန်တွင် သူ၏ ခြေထောက်များက လှုပ်ရှား၍မရတော့။ ခန္ဓာကိုယ် အောက်ပိုင်းအကြောများ၊ ခြေထောက်များ လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

အတန်းတင် စာမေးပွဲဖြေရန် ကျောင်းသို့သွားရာလမ်းတွင် ကားတိုက်ခံခဲ့ရသည့် သူ့သတင်းများက သတင်းစာများတွင် ဟိုးလေးတကြော် ဖြစ်ခဲ့သေးသည်။

ထို့နောက် ရန်ကုန်ဆေးရုံကြီးမှတဆင့် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသူများ ဆေးရုံ (ယခင်အခေါ်အဝေါ်) သို့ နာတာရှည် လူနာတယောက်အဖြစ် ပြောင်းရွှေ့ခဲ့ရသည်။

မိမိကိုယ်ကိုယ် ပြန်လည် သန်စွမ်းလာဦးမည်ဟု မတင်ဋ္ဌေးရီ တယောက်ယုံကြည်ထားခဲ့သည်။

“နောင်နှစ် ကျောင်းပြန်တက်ရင် လွယ်အိတ်အသစ်လေး ပြန်ဝယ်ပေးပါ၊ ယူနီဖောင်း အသစ် ပြန်ဝယ်ပေးပါဆိုပြီး အိမ်ကို ပူဆာခဲ့တယ်။ ပြန်မကောင်းတော့မှန်း သိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ စိတ်ကူးပေါ်ခဲ့တယ်” ဟု ဒေါ်တင်ဋ္ဌေးရီက လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ကိုယ်တွေ့အဖြစ်အပျက်ကို ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျှက် ပြန်ပြောင်း ပြောပြသည်။

“ငါ့သမီးလေး သေမသွားတာဘဲ တော်သေးတယ်” ဆိုသည့် မိဘများ၏ ဖြေဆည်စကားများနှင့် ဘာသာရေး ယုံကြည်မှု ကြောင့် သူ အသက်ဆက်ရှင်ရန် ခွန်အားရရှိခဲ့သည်။

“ကျမ ဦးလေးမှာ ကားရှိတော့ သူ့ကားနဲ့ လိုက်ပို့မယ်ဆိုပြီး ပြောထားတယ်။ ဒါပေမယ့် ခုံနံပါတ်တွေ၊ အခန်းတွေ ရှာရဦးမယ် ဆိုတော့ စိတ်စောပြီး လမ်းလျှောက် သွားလိုက်တာ။ ကားနဲ့ လိုက်ပို့တာ စောင့်လိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး” ဟု သူက ဆက် ပြောသည်။

သူ့ဘ၀တွင် မသန်စွမ်းသူများကို မြင်ပင်မမြင်ဘူးခဲ့ရာမှ၊ ကိုယ်တိုင် မသန်စွမ်းသူတယောက်၊ ဘီးတပ် ကုလားထိုင် အသုံးပြုရသူ တယောက် ဖြစ်လာချိန်တွင် အနာဂတ်ပျောက်ဆုံးသွားပြီး ဘ၀လမ်းခရီးကို မည်သို့မည်ပုံ ဆက်လျှောက် ရမည်ကို မသိတော့လောက်အောင် စိတ်ဓာတ် ကျဆင်းခဲ့ရသည်။

အတွင်း လူနာအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေချိန်တွင် စာချင်း အဆက်အသွယ်သာ အမြဲရှိခဲ့သည့် လူငယ်သဘာဝ မေတ္တာ ရှိနေသူက သူငယ်ချင်းတဦး၏ ဆက်သွယ် အကြောင်းကြားပေးမှုကြောင့် မိဘများမသိခင် တိတ်တခိုး ရောက်လာခဲ့သေးသည်။

ထိုအချိန် နောက်ပိုင်းမှစ၍ သူ့ကို အဆက်အသွယ် ဖြတ်တောက်ကာ သတင်းအစအန ပျောက်သွား သည်ဟု သိရသည်။

မျှော်လင့်ချက်မဲ့နေသည့် မတင်ဋ္ဌေးရီ တယောက် မိတ်ဆွေများ၊ သူငယ်ချင်းများ အားလုံးကို အဆက်အသွယ် ဖြတ်တောက် ကာ ဘ၀ကို တိတ်တဆိတ် တယောက်တည်း ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့သည်။ မွေးရပ်ဋ္ဌာနေသို့လည်း မပြန်ဖြစ်ခဲ့တော့ပေ။

ထိုစဉ်က ကာလကြာရှည် တက်ရောက်ကုသမှု ခံခဲ့ရသည့် မသန်စွမ်း လူနာများ ဆေးရုံတွင် သူနာပြုအုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒေါ်ခင်သီတို့ ဇနီးမောင်နှံ၏ စိတ်ခွန်အား ပံ့ပိုးမှုများဖြင့် မဖြေလိုက်ရသည့် ဆယ်တန်းစာမေးပွဲကို နောက် တနှစ်တွင် ပြန်ဖြေဆိုရန် ကြိုးစားခဲ့သည်။

 စာမေးပွဲဖြေဆိုနိုင်ရန် ဆေးရုံ၌ပင် သီးသန့်စာစစ်ဋ္ဌာန တခု စီစဉ်ပေးခဲ့သဖြင့် ပြန်လည် ဖြေဆိုနိုင်ခဲ့သည်။ မသန်စွမ်းတယောက် ဆယ်တန်းအောင်တော့ကော မည်သို့ ထူးခြားမည်နည်း ဆိုသည့် အဖျက် စကား ပြောခဲ့သူ တချို့ကိုလည်း ကြုံခဲ့ရသည့်အတွက် လူတို့၏ သဘောကို သူ သိခွင့်ရခဲ့သည်ဟု ဆို၏။

“သူငယ်ချင်းတွေ အဖြူအစိမ်းနဲ့ ကျောင်းသွားတာမြင်ရင် ကျောင်း သိပ်တက်ချင်ခဲ့တယ်။ ကျောင်းတုန်းက အားကစားမှာ ထူးချွန် ခဲ့တယ်။ ဘော်လီဘော ပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယဆု အမြဲယူရတယ်။

ဒါတွေအားလုံး ရိုက်ချိုး ခံလိုက်ရတယ်” ဟု မတင်ဋ္ဌေးရီက ထိုစဉ်က ခံစားချက်ကို ဖွင့်ဟသည်။

သို့သော် သူ့ကို ပြန်လည် အားတက်စေသည့် ပတ်ဝန်းကျင်ကောင်းကြောင့် သူ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းဖြင့် အောင်မြင်ခဲ့သည်။

နောက်ပိုင်းတွင် သူ့အား ပေတရာ လမ်းမပေါ်တွင် ထားခဲ့ကာ ကားမောင်း ထွက်ပြေးသွားသူထံမှ လျော်ကြေး ၁၀၀၀ ကျပ်ဖြင့် အမှုကျေအေးခဲ့ရသည်။ ထိုစဉ်က သူ့အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းစာများတွင် ရေးသားဖော်ပြသည့် ဖြတ်ပိုင်းစ များကို အမှတ်တရအဖြစ် သိမ်းဆည်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြီးခဲ့သမျှ မေ့ပစ်ရန် ကြိုးစားခဲ့သည်။

မေ့ပျောက်ရန် ကြိုးစားရင်းကပင် တချို့ ကိစ္စရပ်များကို အစဖော်၍ မရအောင် မေ့၍နေကြောင်း သူက ဆိုသည်။

“မေ့အောင် နေခဲ့တယ်။ မမေ့ရင်လည်း သေဖို့ပဲ ကျန်တော့တယ်။ ဘ၀တလျှောက်လုံး ဖြောင့်ဖြူးဖို့က နားလည် ခွင့်လွှတ် နိုင်ဖို့ပဲ လိုအပ်ပါတယ်။ အဲဒီလိုတွေ ဖြစ်ပြီးတော့ ဘ၀ တလျှောက်လုံး ဘယ်လို နေထိုင်သွားမလဲ၊ ဘာလုပ်ရမလဲ ဆိုတာ တွေးရတယ်” ဟု ဒေါ်တင်ဋ္ဌေးရီက ပြောသည်။

ဆယ်တန်း အောင်မြင်ပြီးနောက်တွင် မသန်စွမ်းသူများ ကုန်ထုတ် သမ၀ါယမ အသင်းတွင် စာရေးဝန်ထမ်း တယောက်အဖြစ် အလုပ်လုပ်ခွင့် ရရှိခဲ့သည်။ ထိုဋ္ဌာနတွင် ၁၀ နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် သမ၀ါယမ လုပ်ငန်းများ မဖျက်သိမ်းမီတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ရောက်ရှိချိန်တွင် စာရေး တဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း၊ ဘီးတပ် ကုလားထိုင် အသုံးပြုသူ တဦးအနေဖြင့် ပြင်ပသို့ သွားလာ ဆက်သွယ်ရာတွင် အခက်အခဲ ကြုံရခြင်းကြောင့် မျက်မမြင် ကလေးများအား သင်္ချာဘာသာရပ်ကို သင်ကြားပေးရသည့် ဆရာမ တဦးအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ကလေးတွေကို စာသင်ပေးနိုင်ဖို့ အတွက် ကိုယ်တိုင် မျက်မမြင်စာ သင်ယူရသည်။

အရေးနှင့် အဖတ် ဘာသာရပ်များကို ၃ လကြာ သင်ကြားပြီးချိန်တွင် သူ ဆရာမ တယောက် ဖြစ်လာတော့သည်။

ကျောင်းဆရာမ တယောက်၏ ဘ၀သည် သူကြိုက်နှစ်သက်သော ဘ၀မျိုးမဟုတ်၊ သူ့ ရည်မှန်းချက်လည်း မဟုတ်ခဲ့ပေ။ သို့သော် မသန်စွမ်းမှု ဘ၀ချင်း တူညီသည့် မျက်မမြင် ကလေးငယ်များကို ပညာ အလင်းရောင် ပေးရသည့် အလုပ်ခွင်၌ သူပျော်မွေ့လာသည်။ ၀ါသနာ မဟုတ်သော်လည်း စေတနာပါပါဖြင့် လုပ်နိုင်ခဲ့သည်။

“ငယ်ငယ်က ရည်မှန်းချက်က ကြီးလာရင် ဆရာဝန် လုပ်ချင်တာ၊ အနည်းဆုံးတော့ သူနာပြု လုပ်ချင်ခဲ့တာ။ ဒါပေမယ့် ကားတိုက်ခံရတော့ အဲဒါတွေ ပျောက်သွားတယ်” ဟု မျက်မမြင် လျှောက်လမ်းကို အသုံးပြုကာ ဖြတ်သွားဖြတ်လာ လုပ်နေသည့် ကျောင်းသားကလေးများကို လှမ်းကြည့်လျှက် မူလ မျှော်လင့်ချက်နှင့် လက်တွေ့ဘ၀ အချိုးအကွေ့ကို ပြန်လည် နိုင်းယှဉ် ပြသည်။

ဆရာမ တယောက်၏ ဘ၀အစတွင် သူ့အတွက် အခက်အခဲများ ကလည်း စောင့်ကြိုနေခဲ့သည်။ မျက်မမြင် ကလေးငယ် များကို သင်္ချာဘာသာ ရပ်တွင်ပါဝင်သည့် အပိုင်းကိန်းများအကြောင်း သင်ကြားပေးရခြင်းက သူ့အတွက် ပင်ပန်းရသည့် အတွေ့အကြုံ ဖြစ်ခဲ့သည်။ ကလေးငယ်များ အတွက် ယခင်က မသင်ခဲ့ဖူးသည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့် သူတို့ နားလည်အောင် သင်ပေးဖို့ အချိန်ယူရသည်။

ထို့အပြင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ အခြေခံပညာ ကျောင်းများသို့ သွားရောက် ပညာသင်ကြားသည့် ကလေး များအား သာမန်ကလေးများ နည်းတူ သင်ခန်းစာများ နောက်မကျစေရန် အချိန်ပိုယူကာ ပြန်လည် သင်ကြားပေးရသည်။ သူသည် ပင်ပန်းလှသော်လည်း ဘ၀တူဖြစ်နေခြင်းကြောင့် ကလေးငယ်များအပေါ် ကိုယ်ချင်းစာနာစိတ်နှင့် အားပေးနိုင်ခြင်းကို အမြတ်တခုဟု သူက ယူဆသည်။

မိမိ၏ အားနည်းချက်ကို အကြောင်းပြုကာ ခွင့်ယူနိုင်သော်လည်း သက်ပြည့် ပင်စင် ယူရမည့် အချိန်အထိ သည်အလုပ်ခွင်တွင် တာဝန်ကျေအောင် သူလုပ်ကိုင်နေဦးမည် ဖြစ်သည်။ မည်သည့် အလုပ်ကိုမျှ မလုပ်ဘဲ အိမ်တွင်နားနေရသည့် အခြေအနေမျိုးကို ဒေါ်တင်ဋ္ဌေးရီ သဘောမကျ။ ယူထားသည့် လစာနှင့် ထိုက်တန်အောင် သူ ပြန်လည် တာဝန်ကျေပွန်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

“စာစသင်သင်ချင်းမှာ ယောင်ဝါးဝါးဖြစ်တယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ စဉ်းစားတော့ မလွယ်ဘူး။ နောက်တော့ မိသားစုလို၊ ဆွေမျိုးလို ကိုင်တွယ်မယ်လို့ စဉ်းစားခဲ့တယ်” ဟု သူနှင့် တပည့်လေးများ အကြားရှိ ဆက်ဆံရေး အခြေအနေကို ပြောပြသည်။

သူသည် ဋ္ဌာနနှစ်ခုစလုံးတွင် အလုပ်လုပ်ခဲ့သည့် ကာလ တလျှောက်လုံး ပြင်ပ ပတ်ဝန်းကျင်နှင့် အကင်းရှင်းဆုံး နေထိုင်ခဲ့သည်။ အရင်းနှီးဆုံး သူငယ်ချင်းများကိုပင်လျှင် အဆက်အသွယ် ဖြတ်ခဲ့သည်။

“အခုအချိန်မှာ သူတို့နဲ့ ပြန်တွေ့ချင်လာတယ်။ အဲဒီတုန်းကလည်း မုန်းလို့ ရှောင်နေခဲ့တာမှ မဟုတ်ဘဲ။ လူတွေနဲ့ ရင်မဆိုင် ရဲလို့ပါ။ ရှက်တာရော၊ သိမ်ငယ်တာရော ပါတာပေါ့” ဟု သူထိုင်နေသည့် ဘီးတပ် ကုလားထိုင်လက်ရမ်းကို ဆုတ်ကိုင်လျှက် ဆရာမ ဒေါ်တင်ဋ္ဌေးရီက ပြောသည်။

ကျောင်းသားကလေးများနှင့် ဘ၀ကို မြှုပ်နှံထားသော သူ့အတွက် ထင်မှတ်မထားသည့် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲ တခုက ၀င်ရောက် လာလေသည်။ ထိုအပြောင်းအလဲကို နှိုင်းဆဖွယ် နှစ်ယောက်မရှိသည့် လူတယောက်က သူ့အတွက် ယူဆောင် လာခဲ့သည်ဟု ဆို၏။

သန်စွမ်းကျန်းမာခဲ့ချိန်က လူငယ်သဘာဝ မေတ္တာမျှခဲ့ကြပြီး မသန်စွမ်းသူ တယောက် ဖြစ်သွားချိန်တွင် စာမလာ သတင်းမကြားရ တော့ဘဲ၊ အဝေးဆုံးကို ရှောင်ထွက်သွားခဲ့သည့် လူတယောက်သည် လူကြီး စုံရာဖြင့် သူ့မိဘများထံ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ရှေ့တန်း ထွက်သွားရာမှ ပြန်လာပြီး သူ့ကို လက်ထပ်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

“မိဘတွေက ပထမတော့ သဘောမတူ ချင်ကြဘူး။ သူက စစ်သားတယောက်ဆိုတော့ အဲဒီတုန်းက သူရှောင်သွားတာက ကိုယ့်ကို မြင်ပြီး စိတ်ထိခိုက်သွားလို့ သူလည်း သေချင်သေပါစေဆိုပြီး ရှေ့တန်းကို လိုက်သွားခဲ့တာလို့ပဲ ထင်တယ်” ဟု သူက အပြုံးဖြင့် စကားဆိုသည်။

မသန်စွမ်းသူ တယောက်အနေဖြင့် မိဘများ ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင် အားကိုးအားထားပြုစရာ လက်တွဲဖော် တဦး လိုအပ်သည်ဆိုသည့် ခံစားချက်ဖြင့် လက်ထပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ တိုင် အိမ်ထောင်သက်တမ်းကို ကျော်ဖြတ်ခဲ့သည်။ သမီးလေးတယောက် မွေးဖွားနိုင်သည့် မိခင်တယောက် ဘ၀ကိုပါ ပိုင်ဆိုင်နိုင်ခဲ့သည်။ အိမ်ထောင် ပြုပြီးနောက် ဆေးပင်စင် ဖြင့် တပ်မှထွက်ခဲ့သည့် ခင်ပွန်းက မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တွင် အလုပ် ဝင်လုပ်ခဲ့သည်။

မိမိကိုယ်ကိုယ် သိမ်ငယ်သည့် စိတ်ဖြင့် အိမ်ထောင်ဘက်ကို ပြောခဲ့ဖူးသည့် စကားများကို သူပြန်လည် အမှတ်ရနေဆဲ ဖြစ်သည်။

“စိတ်ပျက်နေသလား၊ စိတ်ကုန်နေသလား၊ သဘာဝတရားကို နားလည်ပါတယ်။ အိမ်ထောင် ထပ်ပြုချင်တဲ့သူတွေ့ရင် ပြောပါ။ ခိုး မလုပ်ပါနဲ့၊ ယူပြီးတော့် နှစ်ယောက် တပြိုင်တည်း မပေါင်းပါနဲ့။

ရှက်စရာ ကောင်းတယ်” ဆိုသည့် စကားကို အကြိမ်ကြိမ် သူ ပြောမိခဲ့သည်။ သို့သော် စကားနည်းပြီး အေးအေးဆေး ဆေးနေတတ်သည့် အိမ်ထောင်ဘက်က သူ့ကို စကားတခွန်းသာ တုန့်ပြန်ခဲ့သည်ဟု ဒေါ်တင်ဋ္ဌေးရီက ဆိုသည်။

“ငါသေရင် ဘာလဲဆိုတာ နင်သိမှာပါ” ဆိုသည့် တခွန်းတည်းသော စကားကို ခင်ပွန်းသည်က ပြောကာ ထမင်းဝိုင်းမှ ထထွက်သွားသည့် နေ့ကိုလည်း ဒေါ်တင်ဋ္ဌေးရီ တယောက် မှတ်မိနေဆဲဖြစ်သည်။

“သူဆုံးတော့ သူ့ရုံးက လူကြီးတွေ လာသတင်းမေးကြရင်း ကိုယ့်အပေါ်မှာ ဘယ်လောက် သစ္စာရှိတဲ့ ယောက်ျား တယောက် ဆိုတာ ပြန်ပြောပြကြတယ်။ အိမ်ထောင်ဘက် ဘ၀မှာ အဆင်မပြေမှုလေးတွေ ရှိခဲ့ပေမယ့် ကိုယ့်အပေါ်မှာ သစ္စာ ရှိခဲ့တာ တွေကြောင့် ကျန်တာတွေအားလုံးကို ချေဖျက်လို့ရတယ်” ဟု သူက မျက်မှန်ကိုချွတ်ရင်း မျက်လုံးကိုပွတ်လျှက် စကား ဆက်သည်။

အတိတ် အားလုံးကို မေ့ဖျောက် ထားသော်လည်း ပြန်လည်တွေးတောရန် အကြောင်း ပေါ်လာသည့်အတွက် သူ တခွန်းချင်း ခပ်ဖြည်းဖြည်းပင် ပြောပြနေခြင်း ဖြစ်သည်။

သူ ဆယ်တန်း အောင်မြင်ထားသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားရန် အကြောင်း ပေါ်လာပြန်သည်။ မိမိ သင်ကြားပေးလိုက်သည့် တပည့်တချို့ အထက်တန်း အောင်မြင်ကာ တက္ကသိုလ်ပညာရေးကို ဆက်လက် သင်ယူကြရာ ထိုစဉ်က ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် တာဝန်ယူနေသည့် ကျောင်းအုပ်ကြီးက သူ့အား မေးခွန်းတခု မေးခဲ့သည်။
“ကိုယ်သင်လိုက်တဲ့ တပည့်တွေက ဘွဲ့ရကြတော့ ဆရာမ ဘာကြောင့် တက္ကသိုလ် ဆက်မတက်တာလဲလို့ မေးတယ်။ အဲဒီတော့မှ ကျောင်းဆက်တက်ဖို့ သတိရတယ်” ဟု ဒေါ်တင်ဋ္ဌေးရီက ဆိုသည်။

ထို့နောက် မြန်မာစာမေဂျာကို အလုပ်တဘက် ဖြင့်ပင် အဝေးသင် တက်ရောက်ခဲ့ပြီး ဘွဲ့တခု ရရှိခဲ့သည်။ သို့သော် ထို ကာလအထိ သူ၏ ပတ်ဝန်းကျင်မှာ အိမ်နှင့် ကျောင်းသာ ဖြစ်သည်။ ဘီးတပ် ကုလားထိုင်ပေါ်တွင် အသက်ရှင် နေထိုင်ရသည့် မသန်စွမ်းသူ တယောက်၏ ဘ၀ကို သူရှက်သည်၊ သိမ်ငယ်သည်။ သူသွားရာ လမ်းတလျှောက်တွင် သူ့ကို လိုက်ကြည့်သည့် မျက်လုံးများကို သူရင်မဆိုင်ချင်။
သို့သော် ထိုအခြေအနေကို ပြောင်းပြန် ဖြစ်စေမည့် အချိုးအကွေ့တခုကို သူထပ်ကြုံရပြန်သည်။

ပြီးခဲ့သည့် ၂၀၀၂ နှစ်ခုနှစ်က နိုင်ငံခြားမှ မသန်စွမ်းသူများက ရန်ကုန် ကန်တော်ကြီး နန်းတော် ဟိုတယ်သို့ အလုပ်ရုံ ဆွေးနွေးပွဲ တခု လာရောက် ကျင်းပခဲ့ရာ၊ ထိုဆွေးနွေးပွဲသို့ သူတက်ရောက် ခဲ့ရခြင်းက အချိုးအကွေ့၏ ကနဦး အစဖြစ်သည်။ ထိုပွဲသို့ တက်ရောက်ခဲ့ခြင်းသည် သူနှင့် ပြင်ပကမ္ဘာကို ပြန်လည်ချိတ်ဆက် ပေးမည့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
ကုန်လွန်ခဲ့သည့် ကာလများကို ထိုနည်းအတိုင်း ဖြတ်သန်းခဲ့ရခြင်းအတွက် နောင်တ ရမိတော့သည်။

မှားခဲ့သည်ဟု မြင်လာသည်။ ရှက်ခြင်း၊ သိမ်ငယ်ခြင်းများ မရှိခဲ့လျှင် ပတ်ဝန်းကျင်က ပေးမည့် စိတ်ဓာတ်ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ရရှိနိုင်မည်ဟု တထစ်ချ ယုံကြည်စိတ် ၀င်လာခဲ့လေသည်။ မသန်စွမ်းသူများ လှုပ်ရှားမှုတွင် သူတတ်နိုင်သမျှ ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လူမှုဝန်ထမ်း ဦးစီးဋ္ဌာနက ချီးမြှင့်သည့် မသန်စွမ်း ထူးချွန်ဆုကို ရရှိခဲ့သည်။ ဖြတ်သန်းမှုများ အရ သူနှင့် ဘ၀တူ မသန်စွမ်းများအတွက် ဒဿနများ အစီအရီ ထွက်လာသည်။

“ရှေ့ဆက်ရမယ့် ဘ၀မှာ သိမ်ငယ်စိတ်တွေနဲ့ နေလို့မရဘူး။ ဘာလုပ်သင့်တယ် ဆိုတာ ဆုံးဖြတ်ချက် ချရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သိမ်ငယ်စိတ်တွေကို ဖယ်ထားပါ၊ အကောင်းမြင်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ ရိုးသားစွာ အသက်ရှင်ပါ။ တိုးတက်ရာ တိုးတက်ကြောင်း အတွက် သာမန်လူတွေထက် ၁၀ ဆပိုကြိုးစားပါ” ဆိုသည့်စကားကို သူ့ အတွေ့အကြုံ ဖြတ်သန်းမှုအရ သူပြောပြချင်သည်။

မွေးရာပါ မသန်စွမ်းမှုကြောင့် ဖြစ်စေ၊ ကြီးမှရရှိလာသည့် မသန်စွမ်းမှုကြောင့် ဖြစ်စေ သိမ်ငယ်စိတ်ဖြင့် အိမ်တွင်း အောင်းနေမည့် သူ့လိုလူများ ထပ်ပေါ်မလာစေချင်သည်မှာ ဒေါ်တင်ဋ္ဌေးရီ၏ ဆန္ဒဖြစ်သည်။

ယခင်ကထက် နှိုင်းစာလျှင် ယခုနောက်ပိုင်း မသန်စွမ်းသူများအတွက် အားတက်ဖွယ် အခွင့်အလမ်းများ ရှိနေသည်ကို သိစေလိုသည်။ မသန်စွမ်းသူများ အတွက် ရေးဆွဲနေသည့် ဥပဒေ၊ မသန်စွမ်းသူများအတွက် ပံ့ပိုးမှုပေးနိုင်မည့် အဖွဲ့ အစည်းများ ရှိလာနေခြင်းသည် အလင်းရောင်များပင် ဖြစ်ကြောင်း သူက ဆိုသည်။

ယနေ့ ကျန်းမာသန်စွမ်း နေသူများသည်လည်း မသန်စွမ်းသူများ၏ အောင်မြင်မှု၊ မသန်စွမ်းသူများ၏ ကြိုးစားမှုများကို အားပြုကာ၊ မိမိတို့ ခြေအကောင်း၊ လက်အကောင်းများဖြင့် ပို၍ကြိုးစားမည်၊ ပိုကောင်းအောင် လုပ်မည်ဆိုသည့် စိတ်ကို မွေးမြူစေလိုသည့် စိတ်က သူ့ ပကတိစိတ်ရင်းပင် ဖြစ်သည်။

“မသန်စွမ်းသူတွေကို စာနာပေးပါ၊ ကူညီပေးပါ၊ နားလည်မှုပေးပါလို့ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
တိတ်တဆိတ် နေထိုင်ခဲ့သည့် ဘ၀မှ ပြင်ပ ပတ်ဝန်းကျင်သို့ ပြန်လည် တိုးဝင်လာနိုင်ခဲ့သည်။ သူသည် စိတ်ဓာတ်ကို ခိုင်မာအောင်၊ ဒုက္ခများကို ခါးစည်းခံနိုင်ရည် ရှိအောင် ကြိုးစားနေထိုင်ခဲ့သည်။

သိပ်မကြာခင် နိုင်ငံ့ ၀န်ထမ်း တယောက် ဘ၀မှ သက်ကြီး ပင်စင်ဖြင့် အနားယူရမည့် အချိန် ကာလကို ရောက်လာတော့မည် ဖြစ်ရာ၊ နောင်ရေးအတွက် သူ ကြိုတွေးထား သည်များ ရှိသည်။

မိမိကြောင့် တခြားသူများကို ဒုက္ခမဖြစ်စေလိုသည့် စိတ်က သူ့တွင် ကိန်းအောင်းနေသည်။ အသက်အရွယ် ကြီးရင့်လာချိန်တွင် တဦးတည်းသော သမီး၏ မိသားစုနှင့် နေထိုင်ခြင်းထက်၊ ဘိုးဘွားရိပ်သာသို့ သွားရန်သာ ဆန္ဒရှိသည်ဟု သူက ဆိုသည်။

ပျိုမြစ်နုနယ်သော ဘ၀တလျှောက်လုံးကို သည်ဘီးတပ်ကုလားထိုင်တွင် ထိုင်လျှက် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ယခုလည်း ဖြစ်သန်းနေဆဲဖြစ် သလို၊ နောင်လည်း ဖြတ်သန်း နေရဦးမည်။ အသက်ရှင် ရပ်တည်နေရန် ခွန်အားများ ပေးခဲ့သည့် သူ့မိဘများသည် အသက် ၉၀ ကျော် အရွယ် ရှိကြပြီဖြစ်ပြီး သူ၏ ဇာတိမြေဖြစ်သည့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် နေထိုင်လျှက် ရှိသည်။ မိဘများ အသက်ရှင်နေချိန်အထိ သည် ဘီးတပ်ကုလားထိုင် ပေါ်တွင် ထိုင်လျှက်ပင် တနှစ်တကြိမ် ပြန်ဖြစ်အောင် ပန်းတနော်သို့ ပြန်ဦးမည်ဟု သူက ပြောသည်။

သူ့ဘ၀ကို သူ အကောင်းဆုံး ဖြတ်သန်းမည်ဟု ဆုံးဖြတ်ထားသည်။

နေ့လယ် ထမင်းစား ကျောင်းဆင်းချိန် ပြည့်သွားပြီဖြစ်ရာ သူ၏ ကျောင်းသားကလေးများ စာသင်ခန်းထဲသို့ တရွေ့ရွေ့ ၀င်လာကြသည်။ သူတို့ ဦးတည်နေသည်က ၀ှီးချဲပေါ်တွင် ထိုင်နေသည့် ဆရာမနှင့် စားပွဲခုံ ရှိရာသို့ ဖြစ်သည်။ ထိုစားပွဲခုံ ပေါ်တွင် မျက်မမြင် လက်စမ်း စာရေးသည့် သင်ထောက်ကူ ကိရိယာများကို တင်ထားသည်။

“၀ှီးချဲက တသက်လုံးမှာ အကောင်းဆုံး အဖော်ပဲ။ အခုတော့ ဒီဝှီးချဲလေးက ခနော်နီခနော်နဲ့ ဖြစ်နေပြီ” ဟု သူက ရေရွတ် လိုက်ပြီး သူတို့၏ သင်ခန်းစာများကို ရှေ့ဆက်ရန် စတင်လိုက်လေသည်။

____ ဧရာဝတီ

Thursday, February 14, 2013

ကျောင်းဆရာဆိုတာ လက်ဝေခံတွေလား(ဘူးသီးတောင်မြို့မှ ဆရာတစ်ဦး၏ရင်ဖွင့်စာ)

 Narinjara News

ကျွန်တော် ကျောင်းဆရာ တစ်ဦးပါ။ ဆရာ ဆိုတဲ့အတိုင်း အလုပ်စ၀င်တဲ့နေ့က စပြီး ဒီနေ့ထိ သမား ဂုဏ်နဲ့ ညီအောင် နေထိုင်ကျင့်ကြံခဲ့ပါတယ်။ ခုကျနော် ပြောချင်တာက ဘူးသီးတောင်မြို့ ပညာရေးဝန်ထမ်း တွေခံစား နေရတဲ့ ခံစားချက်တွေကို အားလုံးကိုယ်စားပြောပြချင်တာပါ။ ပထမ တစ်ခုက ပညာရေးဝန်ထမ်းတွေရဲ့ လစာ ထုတ်တဲ့ ပုံစံပါ။ လကုန်လို့ ဆရာ/မ တွေလစာထုတ်မယ် ဆိုရင် ကိုယ်တိုင်ထုတ်လို့ မရဘူး၊ ထုတ်စရာ မလို ဘူးပေါ့။ သက်ဆိုင်ရာ ကျောင်းအုပ်တွေက ထုတ်ပါတယ်။ ကျောင်းအုပ်တွေက နေတဆင့် ကျွန်တော်တို့ က ထုတ်ရ ပါတယ်။ ဘူးသီးတောင် မြို့နယ် တစ်ခုလုံး ဆရာ/မ အင်အားက ၁၀၀၀ ကျော်ရှိတော့ ဒီလိုလုပ်တာ ပညာရေး ရုံးအတွက်ရော ၊ ဆရာ/မ တွေအတွက်ပါ အဆင်ပြေပါတယ်။ ဒါက ကိစ္စမရှိပါဘူး။ကိစ္စရှိနေတာက ၀န်ထမ်းတွေ လစာကနေ ရုံးဖြတ်ငွေဆိုပြီး လစဉ် လတိုင်း ဖြတ်တောက်နေတာပါပဲ။ ရုံးဖြတ်ငွေက ပုံမှန် လတိုင်း လိုလို ၃၀၀၀ ဖြတ်ပါတယ်၊ တခါတလေ ၂၀၀၀ ဖြတ်ပါတယ်။ ဘာကြောင့် လတိုင်း ရုံးဖြတ်ငွေဆိုပြီး ဖြတ်နေ ရတာလဲ ဆိုတာ ဆရာ/မ တွေ အားလုံး လိုလိုက နားမလည်၊ မကျေနပ်ကြပါဘူး။ ကိုယ်တိုင်လဲ လစာ မထုတ်ရ၊ လစာ ထုတ်လာတဲ့ ကျောင်းအုပ်ကို မေးကြည့်ပြန်တော့ လဲ သူပြောနိုင်တာက ဒါက ပညာရေး စာစောင်ဖိုး၊ ဒါက ပြက္ခဒိန်ဖိုး ဒီလောက်ပါပဲ။ ကျန်တဲ့ ငွေတွေ က ဘာအတွက် ဖြတ်လဲ သူလဲမသိပါဘူး။တချို့ ဆရာ/မတွေက ရုံးကိုသွားမေးတာ့ ရုံးသုံးငွေ ပါတဲ့။ ပညာရေး ဌာန အကြီးအကဲတွေ လာရင် လုပ်ပေးရတဲ့ ဘာကြေး ညာကြေး တွေပါတဲ့။ ဒါဟာ ဟုတ်ပါသလား။နေပြည်တော်က (သို့) ပြည်နယ်က အကြီးအကဲတွေ လာ ရင် အောက်ခြေ၀န်ထမ်းတွေ ဆီက နေ စရိတ်စခ ကို မျှပြီး ကျခံရတယ်ဆိုတာ ဖြစ်နိုင်ပါသလား။ good governance and clean government ကိုဦးတည် ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံ rule တွေကရော ဒီလိုမျိုး ရေးဆွဲ ပြဌန်းထားပါသလား။ တာဝန်နဲ့ နယ်ဆင်းလာတဲ့ အကြီးအကဲ တွေကရော ဒီလိုမျိုး အဖြစ်ကို လက်ခံနိုင်ပါ့မလား ။ ရုံးတရုံး အနေနဲ့ ပုံမှန်မဟုတ်တဲ့(စာရင်းမပြနိုင်တဲ)့ တခြား ကုန်ကျစရိတ်တွေ ရှိတယ် ဆိုတာကို ကျွန်တော့် အနေနဲ့ လက်ခံပါတယ်။
images
ဒါပေ့မယ့် ရုံးဖြတ်ငွေကို ကျွန်တော့်တို့ တွက်ကြည့်မယ်ဆိုရင် -
ဘူးသီးတောင်တမြို့နယ်လုံး ပညာရေးဝန်ထမ်း(ဆရာ/မ) အင်အားက ၁၀၀၀ ကျော်။ တွက်ရကောင်းအောင် ၁၀၀၀ ပဲထားလိုက်ပါ။ ရုံးဖြတ်ငွေက ပုံမှန် ၃၀၀၀ ဆိုတော့
၁၀၀၀×၃၀၀၀= ၃၀၀၀၀၀၀ ကျပ်(သိန်း ၃၀)
ဘူးသီးတောင်ပညာရေး ရုံးက ရုံးဖြတ်ဖြတ်ငွေ တလကို သိန်း(၃၀) ရနေပါတယ်။ စာစောင်အတွက် ပြက္ခဒိန်အတွက် ကို ၆ သိန်း(၀န်ထမ်းတစ်ယောက်ဖြတ်ငွေကနေ ၆၀၀ ကျပ်)ကို  ပယ်လိုက်ပါအုံး ၂၄ သိန်း ကျန်နေပါတယ်။ တလ တလကို (၂၄) သိန်းတောင်ဘယ်နေရာတွေမှာ သုံးနေပါသလဲ။
အဆင်ပြေတဲ့လူတွေအတွက်တော့ ၃၀၀၀ ဆိုတဲ့ပိုက်ဆံ ဟာ ဘာမှလုပ်လို့ မရပေမယ့်၊ တချို့ ၀န်ထမ်းတွေအတွက် ၃၀၀၀ ဆိုတဲ့ ငွေဟာ ၂ ရက်စာ ထမင်းဖိုး ပါ။ဝန်ထမ်း တဦးရဲ့ လစာကို ဖြတ်ချင်သလိုဖြတ်(ခေါင်းစီးအမျိုးမျိုးနဲ့) ၊ လုပ်ချင်သလိုလုပ်ပြီးမှ ရော့ ဒါမင်း ဒီလရမယ့် ဟာပဲ ပုံစံမျိုး ဖြစ်နေတာ ဟာဖြစ်သင့်ပါလား။ ကျောင်းဆရာဘ၀ဆိုတာ ဒီလို လက်ဝေခံပဲလား။ ဒီမိုကရေစီ ကို ဦးတည်နေပါတယ်ဆိုတဲ့ မြန်မာနီုင်ငံ အတွက်ရော ဖြစ်သင့်ပါသလား။
တချိန်က အကြောက်တရားတွေနဲ့ စိုးမိုးနေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ဘူးသီးတောင်က ကျောင်းဆရာ တွေရဲ့ ဘ၀ဟာလဲ အကြောက်တရားတွေနဲ့ လွမ်းမိုးနေဆဲ၊စိုးမိုးနေဆဲပါ။ တစ်ခုခု ပြောလို့ အပေါ်က ဖိလာမှာ ကို ကြောက်ရ ၊ ဟိုဟာကြောက်ရ ဒီဟာ ကြောက်ရနဲ့ အများစုသော ကျောင်းဆရာ/မ တွေက အံကြိတ်ပြီး ခံနေခဲ့ကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဘုသွားပြောလို့ ကျောင်းပြောင်းလိုက်ရင်လဲ ဒုက္ခတွေ့မလား။ ဂွင်ဝင်လာတော့ ရိုက်စားနေကြတော့ ၊ သူတို့ ဂွင်ထဲရောက်တိုင်း အရိုက်ခံ၊ အညစ်ခံနေတာ လဲ မနည်းတော့ပါဘူး။ ကိုယ့်ဂွင်နဲ့ ကိုယ်ကိုး။
အထက်အကြီးတွေတောင် ဒီလို ဂွင်လို့ မှတ်နေတဲ့ စိတ်ရှိနေတာ လက်အောက်ဝန်ထမ်းတွေလဲ ဒီစိတ်မျိုး မွေးလာမှာ ပါပဲ။ အဲ့လိုစိတ်ဓါတ်မျိုးရှိတဲ့လူတွေဆီကနေ  မွေးထုတ်လိုက်တဲ့ တပည့်တွေ ၊ နောက်မျိုးဆက် သစ်တွေ ဘယ်လိုစိတ်ဓါတ် မျိုးတွေ ဖြစ်လာမလဲ ။ဂွင် စိတ်ပဲ ဖြစ်လာကြမှာပေါ့။ (ငါ့အဖေက ဂွင်၊ အမေကဂွင် ဆရာကလဲ ဂွင် ဆိုတော့ ငါလဲ ဂွင်ပဲ ဆိုတဲ့ အသိတွေ ၀င်လာမှာပါပဲ)။ ဒီလို စိတ်ဓါတ်တွေနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ ရခိုင်ပြည်နယ်ကို တိုးတက်အောင်လုပ်နိုင်ပါမလား၊ ကျွန်တော်တို့ မြန်မာနိုင်ငံရော ဒီဂွင် စိတ်နဲ့ တိုးတက် နိုင်ပါ့မလား။ ရင်လေးစရာပါ။
နောက်ပြီး ကျောင်းဆရာ/မတွေ တော်တော်များများ ကြုံရတဲ့ အဖြစ်ပါ။ လုပ်သက်(၂) နှစ်ပြည်ရင် နှစ်တိုး (၁၀၀၀) ရပါတယ်။ လုပ်သက်(၂) နှစ်ပြည့်တာသာ လအတော်ကြာသွားတယ် နှစ်တိုး (၁၀၀၀) က ပါမလာဘူး။ မြို့နယ် ပညာရေးမှူးရုံးက စီမံ ကို သွားပြောတော့ လုပ်ပေးမယ်ပေါ့။ အတော်ကြာမှ နှစ်တိုးလေး ၁၀၀၀ ကို မျက်နှာမြင်ရတယ်။ ၆ လလောက်ကြာသွားပြီ၊ ၆ လဆိုတော့ ၆ ထောင်ပေါ့ နစ်နာသွားပြီ။ ဒီလိုမျိုး အဖြစ်တွေက မနည်းပါဘူး။ ဆရာ/မ တွေ ခမျှာ အကြောင်းသိလေတော့ ရှေ့ လ နှစ်တိုး ဆို ဒီလ စကတည်းက ခခယယ နဲ့ သွားသွား ပြောနေရတယ်။ဒါတောင် လကျော်သွားတာက ရှိပါသေးတယ်။
ရုံးတရုံး အနေနဲ့ ဒိလိုမျိုးတွေကို အတိအကျ လုပ်ပေးသင့်ပါတယ်။ရုံးတရုံးမှာ ဖွဲ့စည်းပုံဆိုတာရှိပြီးသားပါ။ ငွေစာရင်းက ဘာလုပ်၊ စီမံက ဘာလုပ် စသည်ဖြင့်ပေါ့။ ကိုယ့် တာဝန်လေးတော့ ကျေပွန်အောင် လုပ်ပေးသင့် တာပေါ့။ ခုဟာက ဒိကလူကပဲ ကိုယ့်အတွက် မို့လို့ လာပြောနေသလို၊ သူတို့ကပဲ ကိုယ့်အတွက် သီးသန့် ကူညီ ပေးရသလိုလို။ကိုယ့် တာဝန်တော့ ကိုယ်သိသင့်တယ်ပေါ့။ ဒါက ပါးစပ်က ပြောစရာမလိုတဲ့ကိစ္စပါ။ ဘူးသီးတောင် ပညာရေး ရုံးနဲ့ ပညာရေး ၀န်ထမ်းတွေကြားမှာ ဒီလို အဆင်မပြေမှုတွေ အများကြီးရှိနေပါတယ်။
ဒီစာကို ကျွန်တော်ရေးသားဒါဟာ ရင်ဖွင့်ရုံသက်သက်ပါ၊ သက်ဆိုင်တဲ့လူတွေ ကျွန်တော့်စာကို ဖတ်မိပြီး သတိ သံဝေဂ အသိတရားရ ရုံပါ။ ကျွန်တော် မတိုင်ချင်- မတော့ ချင်ပါဘူး၊ တစုံတယောက်ကို ဒုက္ခ ရောက်စေချင်တဲ့ စိတ်မရှိပါဘူး။ အားလုံးကို အဆင်ပြေ စေချင်ပါတယ်။ ဒါပေမယ့် ကျောင်းဆရာဆို တာ လက်ဝေခံ မဟုတ်ဘူး ဆိုတာကိုတော သိစေချင်ပါတယ်။
လေးစားလျှက်
အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့မှကျောင်းဆရာ တစ်ဦး

Saturday, February 2, 2013

ပညာရွှေအိုးအတွက် တစ်နေ့ ခြောက်မိုင်

EMG

အဝေးပြေးလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အဖြူအစိမ်းတူညီဝတ်စုံကိုယ်စီဖြင့် လူငယ်လေးများ၊ ကလေးငယ်များ ဟိုတစ်စုသည်တစ်စု ခပ်သွက်သွက်လျှောက်လှမ်းလျက် ရှိကြသည်။ သူတို့ပုခုံးကိုယ်စီတွင် လွယ်အိတ်များချိတ်လွယ်လျက်။ သူတို့လက်ကိုယ်စီမှာ ထမင်းချိုင့်လေးများက ဆွဲထားလျက်။ ဆောင်းနံနက်ခင်း၏ ဆီးနှင်းများကြားတွင်သာ မဟုတ်၊ ၀သန္တနံနက်ခင်း၏ မိုးစက်မိုးပေါက်များကြားတွင်လည်း သူတို့ခြေလှမ်းများက စည်းချက်မှန်ခဲ့ကြသည်သာ။ ထိုခြေလှမ်းများ၏ လားရာနရီမှာတော့ သူတို့နေထိုင်ကြီးပြင်းရာ ကျေးရွာများမှသည် အခြားကျေးရွာတစ်ရွာ သို့မဟုတ် မြို့စွန်ရပ်ကွက်တစ်ခုခုရှိ ပညာ့ဂေဟာ ကျောင်းတော်များဆီသို့သာ ဖြစ်ပါသည်။
"ကျောင်းကိုမနက် ၉ နာရီမတ်တင်း ရောက်နိုင်ဖို့အတွက် မနက် ၆ နာရီ ထရတယ်။ ကျောင်းကို သူငယ်ချင်းတွေနဲ့အတူ ရွာကနေ လမ်းလျှောက်သွားရတယ်။ ညနေကျောင်းက ၃ နာရီခွဲ ဆင်းရင် ရွာကို ၄ နာရီခွဲလောက် ရောက်ပါတယ်။ ကျောင်းဖွင့်ရက်နေ့တိုင်း ဒီလိုကျောင်းတက်ရတာ ပင်ပန်းပေမယ့် တစ်နေ့မှာ ဆယ်တန်းအောင် အလုပ်ရရင် တောလုပ်တောကိုင်ဘ၀ကနေ လွတ်မြောက်မယ်ဆိုတဲ့ စိတ်ထားခဲ့တော့ ကျောင်းတက်ရတာကို ပျော်တယ်"။
ချောက်မြို့နယ်ရှိ ဂွေးချို အ. ထ.က ကျောင်းသို့ နှစ်မိုင်ခန့်ဝေးကွာသော ဥယျာဉ်ရွာမှ ငါးတန်းမှရှစ်တန်းအထိ ခြေလျင်ဖြင့် ကျောင်းတက်ခဲ့သူ မအိဖြူစင်က ပြောပြတာဖြစ်သည်။ ယခုတော့ သူသည် တက္ကသိုလ်ဝင်တန်း ကျောင်းသူဖြစ်နေပြီ။ မြို့တွင် ဘော်ဒါနေကာ ကျောင်းတက်နေပြီ။ ခြေလျင်ခရီးဖြင့်စခဲ့ရသော ပညာခရီးသည် ယခုတော့ ဆယ်တန်းအောင်ရမည်ဆိုသည့် အိပ်မက်ဆီ နီးကပ်နေခဲ့ပြီ။
သည်လိုပညာရှာမှီးရေးအတွက် ခရီးဝေးကို ခြေလျင်နှင်ရသော ကျောင်းသူကျောင်းသားလေးများကို မကွေးမှ နတ်မောက်သို့သွားရာလမ်း၊ မကွေးမှ ရေနံချောင်း-ချောက်သို့ သွားရာလမ်းနှင့် မကွေးမှ မင်းဘူးသွားရာလမ်းတစ်လျှောက် ကျောင်းဖွင့်ရာသီ၏ ကျောင်းတက်ကျောင်းဆင်းချိန်တိုင်း တွေ့ရလေ့ရှိပါသည်။ ထိုကျောင်းသူ ကျောင်းသားလေးများကို မြင်တွေ့ရတိုင်း 'လူဖြစ်တော့လည်း လူချင်းမတူ၊ နတ်ဖြစ်တော့လည်း နတ်ချင်းမတူ' ဟူသောစကားကို ကြားယောင်လာမိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအချင်းချင်း ဒိုးယိုပေါက် ကူးလူးဆက်ဆံနေသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ ပညာသည်သာ အခရာဟူ၍ နိုင်ငံရပ်ခြားများသို့ ပညာရှာသွားသူတွေ သွားနေကြသည့် ပညာခေတ်၊ အင်တာနက်အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေကြသော နည်းပညာခေတ်ကြီးတွင် နှစ်မိုင်၊ သုံးမိုင်ကွာဝေးသော ခရီးများကို နေ့စဉ်အသွားအပြန် လမ်းလျှောက်၍ ပညာဆည်းပူးကြရသော ထိုကျောင်းသူကျောင်းသားများမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေကြသူများပမာ။
မကွေး-နတ်မောက် ကားလမ်းပေါ်ရှိ အထက်တန်းကျောင်းများတည်ရှိသော ကြာကန်ကျေးရွာနှင့် ညောင်ကန်ကျေးရွာများသို့ နီးစပ်ရာကျေးရွာများမှ အစသုံးမိုင်ကျော်ခန့်ကွာဝေးသော ကျေးရွာများကပင် ကျောင်းလာတက်ကြသူများ ရှိသည်။ မင်းဘူးမြို့ အထက (၂) သို့ မင်းလှ-မင်းဘူး လမ်းဆုံအနီး ကျွဲသိုးမြှောင်ကျေးရွာ အပါအ၀င် မကွေး-မင်းလှ ကားလမ်းပေါ်မှ ကျေးရွာများကပင် လာရောက်၍ ကျောင်းတက်ကြရသည်။ ရေနံချောင်းမြို့ အထက (၂)၊ အထက (၃) ကျောင်းများမှာ မြို့အ၀င်အထွက် ရပ်ကွက်များတွင် တည်ရှိသောကြောင့် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများမှ နေ့စဉ်အသွားအပြန် ကျောင်းတက်သူများ ရှိကြသည်။ ကျေးရွာအားလုံးနီးပါးတွင် မူလတန်းကျောင်းများ တည်ရှိကြသော်လည်း အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိသေးခြင်းက ထိုကဲ့သို့ ခြေလျင်ကျောင်းတက်ရသူများ၏ သန္ဓေတည်ရာအချက် ဖြစ်နိုင်ပါသည်။
"ရွာကနေကျောင်းကို နှစ်မိုင်လောက်လမ်းလျှောက်ရတယ်။ မနက် ၇ နာရီလောက် ထလာရတယ်။ ညနေကျောင်းဆင်းတော့ ညနေ ၅ နာရီကျော်လောက် ပြန်ရောက်ပါတယ်။ အခက်အခဲရှိတာကတော့ မိုးသိပ်ရွာတဲ့နေ့၊ နေပြင်းတဲ့နေ့မျိုးပဲ။ မိုးသိပ်များတဲ့နေ့မျိုးဆို ပြန်ဖို့တောင်ခက်တယ်"။
ရေနံချောင်းမြို့ အ.လ.က (၄) သို့ နတ်ကန်ဦးရွာမှ ခြေလျင်ကျောင်းတက်ခဲ့ရသူ မောင်ဝေဇင်ဦးက ပြောပြခဲ့သည်။
မည်သည့်အရပ်ဒေသတွင် သန္ဓေတည်၍ မည်ကဲ့သို့အ၀န်းအ၀ိုင်းတွင် ကြီးပြင်းခဲ့ပါစေ ပညာဟူသည် မြတ်ရွှေအိုးဟူသောစကားကို ရင်ဝယ်ပိုက်ကာ ပညာရှာကြသော ကျောင်းသူကျောင်းသားလေးများက ဇွဲလုံ့လအပြည့်ပင်။ ထို့အတူ တောင်သူယာလုပ်၍ ဘ၀ရပ်တည်ကြရသော်လည်း သားသမီးများအား မဖြစ်ဖြစ်အောင် ကျောင်းထားပေးနေသော မိဘများ၏ စေတနာမှာလည်း လေးစားစဖွယ်။ နံနက် ၉ နာရီ ကျောင်းတက်ချိန်မီရန် နှစ်မိုင်ကျော်ခန့်ဝေးသောခရီးကို ခြေလျင်လျှောက်ရမည့် သားသမီးများ၏ နံနက်စာနှင့် နေ့လယ်စာအတွက် မိဘများက အစောဆုံးထ၍ ပြင်ဆင်ပေးကြရပါလိမ့်မည်။ ယခုလို ဆောင်းတွင်းအချိန်ဆိုလျှင် ညနေလေးနာရီ ကျောင်းဆင်း၍ မိမိရပ်ရွာသို့ ကျောင်းသူကျောင်းသားလေးများ ပြန်ရောက်ချိန်မှာ နေမင်းကြီးလည်းကွယ်နေချိန် ဖြစ်ပါလိမ့်မည်။ နံနက်အစောကြီးထ လမ်းလျှောက်၍ ညနေနေ၀င်ချိန်မှ အိမ်ပြန်ရောက်လာလေ့ရှိသော ကျောင်းသူကျောင်းသားလေးများ၏ စာကျက်ချိန်နှင့် နားနေချိန်ဆိုသည်များမှာ လမိုက်ညထဲမှ ကြယ်တာရာများပမာ ဖြစ်နေလိမ့်မည်ပင်။
ထိုသို့ ခြေလျင်ခရီးဖြင့် ပညာရှာမှီးကြရသော ကျောင်းသူကျောင်းသားလေးများက လမိုက်ညထဲမှ ကြယ်တာရာများဖြစ်ပါသည် ဆိုဦးတော့ တိမ်သလာကင်းစင်ချိန်တွင် လင်းလက်နိုင်ကြပါလိမ့်ဦးမည်။ သူတို့ကဲ့သို့ ခြေလျင်လျှောက်၍ ပညာသင်လိုသော်လည်း အလယ်တန်းနှင့် အထက်တန်းပညာကို ဆက်လက်သင်ယူရန် မစွမ်းသာသည့် ကလေးငယ်များကတော့ လမိုက်ညဖြစ်စေ လပြည့်ညဖြစ်စေ မလင်းလက်နိုင်ဘဲ ရှိနေကြပါလိမ့်မည်။
ဆယ်စုနှစ်နှစ်စုကျော်ခန့်က ကျေးရွာနှင့် ဆက်စပ်မှုရှိသည့် မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်၍ ကျောင်းတက်သူများ အတော်များခဲ့ဖူးသည်။ ယခုနှစ်ပိုင်းများတွင်တော့ မြို့စွန်ရပ်ကွက်များ၊ စာသင်ကျောင်းနှင့် နီးစပ်ရာနေရာများတွင် ဘော်ဒါဆောင်များရှိလာခဲ့ပြီး ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား နေထိုင်၍ ပညာသင်ယူသူများ အတော်နည်းပါးလာခဲ့သည်။ မြို့နှင့်ဝေးလွန်းသော ကျေးရွာများမှ ပညာသင်ယူသူများသာ ထိုသို့ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်လေ့ရှိကြပြီး မြို့နှင့်အတော်အသင့်ဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများကတော့ နေ့စဉ်အသွားအပြန် ကျောင်းတက်လေ့ရှိကြသည်။ ခြေလျင်ကျောင်းတက်ရသူများကို ခရီးသွားကားနှင့် ဆိုင်ကယ်များက လမ်းကြုံတင်သွားလေ့ ရှိကြသည်။
အချို့ကျေးရွာများမှ သံဃာတော်များနှင့် ဘွဲ့ရပြီးသူအချို့ကမူ ကျောင်းသားကျောင်းသူလေးများ လမ်းလျှောက်ရခြင်းမှ ကင်းဝေးစေရန် စာသင်ကျောင်းများနှင့် အနီးတစ်ဝိုက်တွင် နေရာရှာ၍ ပညာဒါနပြု သင်ကြားပေးနေကြသည်လည်း ရှိပါသည်။ ရေနံချောင်း-ချောက်-ကျောက်ပန်းတောင်း လမ်းဆုံဂွေးချိုကျေးရွာမှ မိတ်ဆွေကဗျာဆရာတစ်ယောက်ကတော့ နီးစပ်ရာကျေးရွာများရှိ ကျောင်းသူကျောင်းသားများအတွက် ငွေကြေးတစ်ဝက်၊ ပရဟိတတစ်ဝက်ဖြင့် ဘော်ဒါဖွင့်ထားသည်။ သူနှင့်သူ့ဇနီးတို့မှာ ဂွေးချိုကျေးရွာရှိ သူတို့အိမ်ဝိုင်းထဲတွင် ကျောင်းသားဆောင်၊ ကျောင်းသူဆောင်ခွဲ၍ ထန်းရွက်မိုးထရံကာအဆောက်အအုံများ ဆောက်ထားပြီး ကျေးရွာအခေါ် တင်းကုတ်ကြီးတစ်ခုကို စာသင်ဆောင်အဖြစ် သတ်မှတ်ထားသည်။ နီးစပ်ရာကျေးရွာများမှ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားများအား ငွေကြေးတတ်နိုင်မှသာ လခသတ်မှတ်၍ ငွေကြေးမတတ်နိုင်သူများအား သူတို့ထမင်းသူတို့စားစေပြီး ပညာအခမဲ့ သင်ကြားပေးနေခြင်း ဖြစ်သည်။
သူကဘွဲ့ရပြီးနောက်ပိုင်း အစိုးရအလုပ်လည်း မလုပ်ချင်၊ စာသင်တာလည်းဝါသနာပါ၍ သူ့မိသားစုဘ၀ စားလောက်ရုံရလျှင် ကုသိုလ်လည်းရ ၀မ်းလည်းဝသဘောမျိုးဖြင့် ထိုကဲ့သို့ ဘော်ဒါဆောင်ဖွင့်ခဲ့ခြင်းပင်။ အချို့မိဘများကတော့ ငွေကြေးမတတ်နိုင်သောကြောင့် ဆန်၊ ဆီ၊ ပြောင်း စသည့် ရာသီပေါ်သီးနှံများ လာရောက်ပေးလေ့ရှိကြောင်း သူကရှင်းပြသည်။ ညနေစောင်း၍ ကျောင်းဆင်းသောအခါ ကျောင်းသူကျောင်းသားအတော်များများမှာ အဖြူအစိမ်းကိုပင် မလဲသေးဘဲ ထမင်းအိုးလေးများကိုယ်စီဖြင့် ထမင်းချက်ကြသည်ကို မြင်တွေ့ခဲ့ရသည်။
ထမင်းကို ချက်ပေးလိုက်ပြီးရောဗျာ၊ သူတို့မှာ ကျောင်းကပြန်ရောက်ခါစ ရှိသေးတယ်ဟု သူ့အားပြောမိခဲ့သည်။ "သူတို့အားလုံးကို ထမင်းစုချက်ပေးရတာ ဘာပင်ပန်းတာမှတ်လို့ဗျာ။ အများစာကို အလှည့်ကျနဲ့ အချက်ခိုင်းလည်းရတာပဲ။ ဒါပေမယ့် သူတို့အိမ်တွေကပို့တဲ့ ဆန်တွေက မတူဘူးလေဗျာ။ တချို့ဆို ဆန်တောင်မဟုတ်ဘူး၊ ဆန်ကွဲကိုပဲ ပို့နိုင်တဲ့မိဘတွေ ရှိတယ်။ ခင်ဗျားသိသာအောင်ပြောရရင် ဆန်ကွဲကိုတောင် တစ်ပတ်တစ်ခါပို့နိုင်တာ မဟုတ်ဘူး၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ ပို့ရသူတွေရှိပြီး ဆန်ကွဲမှာမှ သုံးမျိုးလောက် ရှိသေးတယ်" ဟု သူက ပြောပြသည်။

မြို့ပေါ်ရှိကျောင်းများက ကျောင်းဆင်းပြီ။ ကျောင်းသားကျောင်းသူလေးများသည် သူတို့ကျေးရွာလေးများဆီ ပြန်နေကြသည်။ သူတို့သည် ခြေလျင်ခရီးဖြင့် ကျောင်းတော်ဆီ လာခဲ့ကြသည်။ ယခုတော့ ခြေလျင်ခရီးဖြင့်ပင် နေအိမ်လေးများဆီ ပြန်နေကြသည်။ ပင်ပန်းမှုသည် သူတို့၏ခြေလှမ်းလေးများကို ယိုင်နဲ့စေတာလည်း ရှိကောင်းရှိမည် သို့သော်ခြေလှမ်းများ ရှေ့ဆက်နေဆဲ။ ရှေ့တွင်တော့ သူတို့၏အနာဂတ် အိပ်မက်ရှိနေလေသည်။
ထိုစကားကိုကြားလျှင်တော့ မကွေးမှဂွေးချိုအထိ မိုင်ငါးဆယ်ခရီးကို ဆိုင်ကယ်စီးခဲ့ရသော အမောထက် ထုထည်ပိုကြီးမားသည့်အမောကို ခံစားခဲ့ရသည်။ မိမိရှေ့တည့်တည့်မှ ထမင်းချက်နေသော ကျောင်းသူကျောင်းသားလေးများကို ငေးကြည့်ရင်း ခရီးသွားတိုင်းလမ်းမှာ မြင်တွေ့ရလေ့ရှိသော ခြေလျင်ကျောင်းတက်ရသည့် ကျောင်းသူကျောင်းသားလေးများကို မြင်ယောင်နေမိခဲ့သည်။
ထိုကျောင်းသူ၊ ကျောင်းသားလေးများအား ငယ်စဉ်က သတင်းစာပို့ရင်း ပညာကိုလေ့လာသင်ယူခဲ့ရသော သောမတ်စ်အက်ဒီဆင်မှာ လျှပ်စစ်မီးသီးကို တီထွင်နိုင်သူ ဖြစ်ခဲ့ကြောင်း၊ နေထိုင်ရာကျေးရွာမှ ခြောက်မိုင်ကျော်ကွာဝေးသော ခရီးကိုခြေလျင်လျှောက်၍ ပညာဆည်းပူးခဲ့ရပြီး ညပိုင်းစာဖတ်သည့်အခါ ထင်းမီးဖိုအလင်းရောင်ဖြင့် ဖတ်ခဲ့ရသော်လည်း အေဘရာဟင်လင်ကွန်းမှာ အမေရိကန်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတကြီးဖြစ်ခဲ့ဖူးကြောင်း၊ ဒူးအောက်ပိုင်းမှစ၍ ကာဗွန်ဖိုင်ဘာခြေတုနှစ်ချောင်း တပ်ထားရသော်လည်း အော်စကာပစ်တိုးရီးယက်စ်ဆိုသူမှာ ပြိုင်မြင်းတစ်ကောင်နှင့် အပြေးပြိုင်ရာတွင် အနိုင်ရရှိခဲ့ဖူးကြောင်းများကို ပြောပြအားပေးချင်နေခဲ့မိပါသည်။
"ကျွန်တော်နဲ့အတူ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတချို့ အထက်တန်းကိုမတက်နိုင်ခဲ့ပါဘူး။ တောင်သူဘ၀နဲ့ ကျွန်တော့်ကို ကြိုးစားပညာသင်ပေးခဲ့တဲ့ မိဘတွေကို ပညာနဲ့ကျေးဇူးဆပ်ဖို့ ကြိုးစားနေပါတယ်"။ ကျောင်းဆင်းချိန် ဆောင်းနေခြည်အောက်တွင် ရေနံချောင်း အ.ထ.က (၂) မှ မောင်ဝေဇင်ဦးက ပြောပြနေသည်။
မြို့ပေါ်ရှိကျောင်းများက ကျောင်းဆင်းပြီ။ ကျောင်းသားကျောင်းသူလေးများသည် သူတို့ကျေးရွာလေးများဆီ ပြန်နေကြသည်။ သူတို့သည် ခြေလျင်ခရီးဖြင့် ကျောင်းတော်ဆီလာခဲ့ကြသည်။ ယခုတော့ ခြေလျင်ခရီးဖြင့်ပင် နေအိမ်လေးများဆီ ပြန်နေကြသည်။ ပင်ပန်းမှုသည် သူတို့၏ခြေလှမ်းလေးများကို ယိုင်နဲ့စေတာလည်း ရှိကောင်းရှိမည်။ သို့သော် ခြေလှမ်းများ ရှေ့ဆက်နေဆဲ။ ရှေ့တွင်တော့ သူတို့၏အနာဂတ် အိပ်မက်ရှိနေလေသည်။

Monday, January 28, 2013

အုပ်ထိန်းမှု လွန်ကဲရင် လူရာမ၀င် ဖြစ်တတ်တယ်

မောက္ခပညာရေးမဂ္ဂဇင်း

လူထုစိန်ဝင်း
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်း တစ်ယောက် တစ်မနက် ရောက်လာပြီး ''ဆရာ့ဆီ က အကြံဉာဏ်လေး ဘာလေးများ ရမလား လို့လာတာပါ'' လို့ ပြောပါတယ်။ အပူပေးချင်မှ ရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါလို့လည်း မျက်နှာချိုသွေး ပါသေးတယ်။
တစ်ဦးတည်းသား
အကျိုးအကြောင်း မေးကြည့်လိုက် တော့ ၁၀ တန်းဖြေပြီးတဲ့သားက မြစ်ကြီး နားက ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်း အပြန်လိုက်လည်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေတဲ့အတွက် ဘယ်လို ကိုင်တွယ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ပြောပြတယ်။ ကလေးကမြစ်ဆုံကိုသွားကြည့်ချင်တာပါတဲ့။ မိဘကလည်း တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲဘယ် မှ မလွှတ်ဖူးတော့ စိတ်မချဖြစ်နေတယ်။ သားလေးကို ငယ်ငယ် ကတည်းက ငပလီ၊ ချောင်းသာ၊ ငွေဆောင်စတဲ့နေရာတွေကို အမြဲ လိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်း တော့ တစ်ခါမှ မလွှတ်ဖူး ပါဘူးတဲ့။ သားက နေ့တိုင်းတကျီကျီနဲ့ နားပူနားဆာလုပ်နေ တာကြောင့် စိတ်ညစ်နေရ ပါတယ်တဲ့။ သူ့သားတောင် ၁၀ တန်းဖြေတဲ့ အရွယ်ရောက်နေပြီကိုးလို့ တွေးရင်း ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်သတိရသွားပါတယ်။
ကိုယ်ချင်းစာကြည့်ပါ
တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့ သွားမယ် လုပ်ကြတော့ သူ့မိဘကသူ့ကို လိုက်ခွင့်မပြုပါဘူး။ အဲဒီ အချိန်မှာ သူက စီးပွားရေးတက္ကသိုလ် ဒုတိယ နှစ်ကျောင်းသားပါ။ သူနားပူနားဆာလုပ် လွန်းတာကြောင့် သူ့မိဘတွေဆီ လိုက်သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း ဆရာကိုယ်တိုင် လိုက်လာတယ်ဆိုတော့ အားနာပြီး ထည့်လိုက်ပါ တယ်။ အဲဒီအကြောင်း သူ့ကိုပြန်သတိပေး ပြီး၊ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ဖို့ပြော လိုက်ပါတယ်။ လိုက်ခွင့်ပြုပါလို့တော့ မတိုက်တွန်း လိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျတော့ ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့ တိုင်ပင်ပြီး သားကိုလိုက်ခွင့်ပြုလိုက်ပါတယ် လို့ ပြောပါတယ်။
ပူညံပူညံဆူသံတွေ
ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာ က ဒါမျိုးချည့်ပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာ ကနေပြီး စဉ်းစားကြည့်လေ့ မရှိပါဘူး။ အဲဒီတော့ သီချင်းနားထောင်တာနဲ့ တီဗီကြည့်တာကအစ၊ အ၀တ်အစား ၀တ်ပုံစားပုံအဆုံး ဘယ်နေရာမှ အကြိုက်ချင်းတူတယ်လို့ မရှိတော့ပါဘူး။ အကြိုက်မတူရာကနေပြီး ပူညံ ပူညံနဲ့ ဆူသံတွေ ပေါ်ထွက်လာကြပါတယ်။ လူငယ်တွေကတော့ ဒါကိုမျိုးဆက် ကွာဟ မှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျနေတဲ့ လူကြီးများအဖြစ် မြင်ကြတယ်။ ကွယ်ရာမှာ ခေါ်ကြတာကိုက ဘိုးတော်ကြီး၊ ဘွားတော်ကြီးတဲ့လေ။
ခေါင်းမအိုရင် လူမအို
အသက်ကြီးလာရင် အတွေးအခေါ်တွေပါ ခေတ်နောက်ကျန်ရစ်တာပဲလို့ လှေနံဓား ထစ်မှတ်ထားဖို့ မသင့်ဘူး။ တလောကတီဗီမှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီးအဆိုတော်မလေး အိမ့်ချစ်တို့ တွဲပြီးသီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေး အိမ့်ချစ် ထက်တောင် ချစ်ကောင်းက ပိုပြီး(ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေး တယ်။ အဆိုတော် ဂျေမောင်မောင်လည်း အတူတူပါပဲ။ စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင် ထက်တောင် ခုန်ပေါက်မြူးကြွနေသေး တာတွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာမဟုတ် ဘူး။ ခေါင်းမအိုရင် လူမအိုဘူးဆိုတာကို လူငယ်တွေလည်း နားလည်ထားဖို့ လိုပါတယ်။
အာခံစိတ် ဖြစ်ရတဲ့အကြောင်း
မိဘတွေဘက်ကလည်း အရာရာကို မိဘနေရာကကြည့်ပြီး (စိုးရိမ်ပူပင်စိတ်နဲ့) တားဆီးပိတ်ပင်တာမျိုး အလွန်အမင်း မလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ် က ဘယ်လိုနေခဲ့ထိုင်ခဲ့ ၀တ်စားဆင်ယင်ခဲ့ သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့ သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့် တာကိုတားပြီး ပိတ်သင့်တာကို ပိတ်သင့် တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေသွားခဲ့သလို၊ သား ကလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။ သားသမီးအတွက်မပူတဲ့ မိဘ ဘယ်ရှိမှာလဲ။ ဒါပေမဲ့ သဘာဝထက်လွန်ကဲပြီး ပူတာမျိုး ကတော့မကောင်းဘူး။ မိဘလည်းစိတ်ဆင်း ရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေဖြစ် ရတယ်။ မကျေမနပ်ဖြစ်ရတာတွေက အစိုင် အခဲကြီးဖြစ်သွားရင် အာခံစိတ်၊ တွန်းလှန် ပုန်ကန်ချင်စိတ်အထိ ရောက်သွားနိုင်တယ်။
ဗိုင်းကောင်း ကျောက်ဖိလေးတွေ
တစ်ဦးတည်း သားသမီးများရဲ့ မိဘ တွေကပိုပြီး ပူတတ်ကြတယ်။ ဟိုဟာစိတ် မချ၊ ဒီဟာ စိတ်မချနဲ့ ကာကွယ် စောင့်ရှောက်မှု အလွန်အကျွံလုပ်လေ့ရှိတယ်။ အနှစ်နှစ် ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့သက် တမ်းတစ်လျောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ ဗိုင်းကောင်းကျောက်ဖိ သား လိမ္မာ၊ သမီးလိမ္မာလေးတွေအများကြီး တွေ့ခဲ့ဖူးတယ်။ စာလည်း သိပ်တော်ကြတယ်။ ဒါပေမဲ့ အားမနာတမ်း မှန်တဲ့အတိုင်း ပြော ရရင် သူတို့အများစုဟာ လူ့အဖွဲ့အစည်း အတွင်း ၀င်ရောက်သွားရတဲ့ အခါကျတော့ ဘယ်နေရာမှသုံးစားလို့မရတာကို တွေ့ရပါ တယ်။ မိဘရဲ့အုပ်ထိန်းမှုလွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်းအား ကိုးနေကြရပါတော့တယ်။ အားကိုးရင်းအား ကိုးရင်းနဲ့အလုပ်တူလုပ်ကြတဲ့ အသက်ကြီး ကြီး အိမ်ထောင်သည်တွေနဲ့ ညားသွားတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင်နာစွာနဲ့ တွေ့ခဲ့ဖူးပါတယ်။
စိတ်သဘာဝသိဖို့လို
သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်း လဲသွားတဲ့ကလေးများရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုစုပျိုးထောင် တတ်ဖို့လိုပါတယ်။ ကလေးဟာအမိဝမ်း တွင်းကထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင် ကြီးလို့ မှတ်ယူထားပြီး အမေ့နားက မခွာဘဲ တကပ်ကပ် လုပ်နေလေ့ရှိတယ်။ ကျောင်း စနေရတော့လည်း စာသင်ခန်းအပြင်က အမေစောင့်နေမှကျေနပ်တယ်။ နေ့စဉ်နေ့တိုင်းအမေပို့မှ၊ ကြိုမှကြိုက်တယ်။ အမေခွံ့ကျွေးမှ စားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ခြောက်တန်း၊ ခုနစ် တန်းရောက်တော့ အမေလာမကြိုစေချင် တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲ သွားချင်ပြန် ချင်တယ်။ ဒါမှမဟုတ် ဒရိုင်ဘာလာကြိုစေ ချင်တယ်။ သူအရွယ်ရောက်လာပြီ။ သူ့ကိုယ်သူ ထိန်းနိုင်ပြီဆိုတာ ဖော်ပြချင်လာတယ်။
သူ့ခြေထောက်နဲ့ သူလမ်းလျှောက်
ဒါသဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ်တယ်။ ဘယ်သူမှတားလို့မရဘူး။ ဒီအချက်ကို မိဘက နားလည်ပြီး သူအရွယ်ရောက် လာပြီ၊ သူ့ကိုယ်သူစောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ လို တယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဘယ် ကိစ္စမဆို မိဘကိုအားမကိုးဘဲ ကိုယ့် အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့် အကြောင်း၊ ဒီလိုကိုယ့်အားကိုယ်ကိုးဖို့အတွက် အရာရာ ကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ် ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနား လည်အောင် ရှင်းပြပြီးစဉ်းစားတဲ့ အကျင့်ရအောင်လုပ်ပေး ရပါမယ်။ အကျိုးအကြောင်း ဆက်စပ် စဉ်းစားတတ်တဲ့ အကျင့် ရသွားတဲ့ကလေးဟာ သူ့ ဘ၀ တစ်လျောက်လုံး ဘယ်သူ့မှ အားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျောက်သွား နိုင်မှာသေချာပါတယ်။
အုပ်ထိန်းမှု လွန်ကဲလို့ 
အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူ ကျောင်းသားလေးတွေကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး တစ်ညအိပ်၊ နှစ်ညအိပ် တောစခန်းထွက်တဲ့ အလေ့အကျင့် လုပ်ပေးလေ့ရှိတယ်။ ကလေးဘ၀ ကတည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ် တယ်။ ဒါကြောင့်သူတို့ဆီက ၁၂ နှစ်၊ ၁၃နှစ်အရွယ် မိန်းကလေးတွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေး တစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့ သတ္တိရှိနေ ကြတာဖြစ်တယ်။ မြန်မာပြည်မှာကတော့ အအုပ်အထိန်း လွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေး ဖြစ်နေတာတောင် မိဘဒါမှမဟုတ်အဖော် တစ်ယောက်ယောက်မပါဘဲ ရန်ကုန် -မန္တလေး ခရီးလောက်ကို မသွားရဲ ကြတာတွေ အများကြီးရှိတယ်။ အုပ်ထိန်းမှုလွန်ကဲခြင်းကတရားခံပဲ။
ပင်ပန်းရှာကြတယ်
ဒီခေတ် ကျောင်းသူ၊ကျောင်းသား အရွယ်ကလေးတွေဟာ ရှေးခေတ်နဲ့ မတူ အင်မတန်ပင်ပန်းရှာကြတယ်။ သုံးနှစ်သားအရွယ်ကစပြီး ၁၀တန်း ကျောင်းသားအရွယ်ထိ ကျောင်းနဲ့ ကျူရှင်နဲ့ 'ဂိုက်' နဲ့မိုးလင်းက မိုးချုပ် လုံးချာလိုက်နေကြတယ်။ ကလေး သဘာဝ အမေ့နား ကပ်ချွဲချိန်၊ ဆော့ ချိန်၊ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိ ကြတာမဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ ပိပြီးနုနယ်တဲ့ကလေးဦးနှောက် ကလေးတွေ ထုံထိုင်းသွားမှတောင် စိုးရိမ်မိတယ်။ ကလေးဆိုတာ သွက် သွက်လက်လက်၊ လန်းလန်း ဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေဖြစ်လာနိုင်မှာပါ။
ပူတူးတူးလေးလို
၁၀တန်းစာမေးပွဲကြီး ဖြေပြီးတဲ့ အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ် ကြိုက်နေခွင့်ပေးသင့်တယ်။ အဲဒီ အသက်အရွယ်ဟာ ကလေးဘ၀ ကနေ လူကြီးဘ၀ပြောင်းလဲဖို့ စတင် ခြေလှမ်း လိုက်ချိန်ဖြစ်တယ်။ အစစ အရာရာကိုယ်ပိုင်အသိနဲ့ ဆင်ခြင် စဉ်းစားဆုံးဖြတ်တတ်အောင်မိဘ များက ညွှန်ပြဖို့လိုပါတယ်။ သူတို့ အရွယ်ဟာကလေး မဟုတ်တော့ဘူး ဆိုတာသူတို့ ကိုယ်တိုင်သိလာအောင် လုပ်ပေးပါ။ မိဘများကလည်း အဲဒီ အရွယ်တွေကို 'ပူတူးတူးလေး' လို သဘောထားပြီး ထမင်းခွံ့ကျွေး မနေပါနဲ့တော့။ ဒါမှ သူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်ပါတယ်။
လူထုစိန်ဝင်း











Tuesday, June 26, 2012

မှန်းချက်နှင့် နှမ်းထွက်မကိုက်သော မြန်မာ့ပညာရေး

မောက္ခပညာရေးမဂ္ဂဇင်း



“မြန်မာ့ပညာရေးမျှော်မှန်းချက်” ဟူ၍ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထုတ်ပြန်ခဲ့ဖူးပါသည်။ ထိုမျှော်မှန်းချက်ကို “Our Vision” ဟူ၍လည်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ကျောက်သားအက္ခရာတင်ကာ ကျောင်းတိုင်းတွင် အခမ်းအနားများဖြင့် စိုက်ထူစေခဲ့သည်။ 

ကျောင်းတိုင်းတွင် နိုင်ငံတော်က ဤသို့ရည်မှန်းထားပါသည် ဆိုခြင်းကို ကျောင်းရှိ ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ၊ ဆရာမများ အလွတ်ရမည်မထင်ပေ။ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်ဆန်ဆန် Motto များဖြင့် အလုပ်လုပ်ကြသည့် ခေတ်မဟုတ်တော့။ “Long Live the King” ဟုပြောလည်း ဘုရင်ခေတ် မှေးမှိန်ကွယ်ပျောက်တော့မည်။ “ဥက္ကဋ္ဌကြီးမော် သက်တော်ရှည်ပါ စေ” ပြောလည်း သက်တော်ရာမကျော်နိုင်။ ကွန်မြူနစ်စနစ်လည်း ကြွေးကြော်သံများအောက်တွင် အမော ဖောက်နေရရှာသည်။

တစ်ကြိမ်က မြို့နယ်ပညာရေးမှူးတစ်ဦးထံ ကိစ္စတစ်ခုဖြင့် ၀င်တွေ့ရင်း ဆရာမလောင်းတစ်ဦးအား အင်တာဗျူးနေသည်ကို ကြုံရသည်။ ကျွန်တော့်ဆရာက “မြန်မာ့ပညာရေးမျှော်မှန်းချက်” ကို ပြောပြစမ်းပါဟု မေးလိုက်သည်။ ကျောင်းရှေ့တွင် နေ့စဉ်မြင်တွေ့နေရသည့် ကျောက်သားပြင်ပေါ်မှ ရေရှည်တည်တန့်ခိုင်မြဲရန် စိုက်ထူရေးထိုးထားသည့် ထိုစာကို ဆရာမလေးက မရွတ်ပြနိုင်။ လူတွေက “ကွမ်းတံတွေးမထွေးရ” “ဆေးလိပ် မသောက်ရ” “အမှိုက်မပစ်ရ” ဆိုသည့် စာတန်းများနှင့် ရင်းနှီးနေကြသော်လည်း ထိုစာတန်းများကို လိုက်နာရ ကောင်းသည့် ကိစ္စတစ်ခုအနေဖြင့် မှတ်ယူခြင်းမရှိကြ။
စာတန်းများသည် ဆန့်ကျင်စရာမဟုတ် သို့မဟုတ် အလေးထားရမှန်းသိစေရန် ပြည်သူ့နီတိ အားနည်းခဲ့ကြသောကြောင့် ဂရုမထားကြသည်မှာ ကြာလှပြီ။ 

Monday, April 23, 2012

ရွာ့ကျက်သရေ - (သိပ္ပံမောင်ဝ)


ကကြီး ရရစ် ကသတ် ကြက်၊ ကကြီးရရစ် ငသတ် ကြင်။

နှစ်တစ်လီနှစ်၊ နှစ်နှစ်လီလေး၊ နှစ်သုံးလီခြောက်။
သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ ငသတ် ငေါင်။

ကကြီးရေ က၊ ကကြီးရေးချကာ၊ ကကြီးရေ လုံးကြီးတင် ကိ၊ မရရစ်လုံးတင် ချောင်းငင်ကသတ် မြိုက်၊ မရရစ် လုံးကြီးတင် ချောင်းငင် ငသတ် မြိုင်။

ဧ၀ံ မေ သုတံ၊ ဧကံ သံ မယံ။

ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး အစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီး သကာလ ကုက္ကိုဝ သူကြီးမင်း ဦးဖိုးထုံ၏အိမ် မြောက်ဘက် အရပ်တွင် ထကြွ သောင်းကျန်းလျက် နေကြလေသည်။ အချိန်ကား နံနက် ၆-နာရီခန့်သာ ရှိသေး၏။ အဆိုပါ ဆူညံလှစွာသော အသံကိုကား ကုက္ကိုဝရွာ အဖို့ မင်္ဂလာရှိသော အသံ၊ သာယာသောအသံ၊ ကျက်သရေရှိသော အသံများ ဖြစ်ကြ၏။ ရွာသူကြီး၏ အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော်နေသော မောင်လူအေးအဖို့ကား ငှက်ဆိုး၏ အသံနှင့် ခပ်ဆင်ဆင် တူလျက် နေလေသည်။

ထိုအသံများ၏ ပိုင်ရှင် ကျောင်းသား ကျောင်းသူကလေးတို့စုဝေးရာ ရွာကျောင်းကား ဒိစတြိတ် ကောင်စီ၏ အထောက်အပံ့ခံကျောင်း မဟုတ်။ အစိုးရမင်းက အသိအမှတ်ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသား ပညာရေးအဖွဲ့က အားပေးသော ကျောင်းလည်းမဟုတ်ပေ။ ထိုကျောင်းသား ကျောင်းသူကလေးများ က တစ်ယောက်လျှင် တစ်နှစ်အတွက် စပါးသုံးတင်းမျှသော အထောက်အပံ့ကိုသာ ခံယူကာ တည်ထောင် ထားသောကျောင်းဖြစ်လေသည်။

Sunday, February 19, 2012

လူတိုင်းအတွက် ပညာရေး

လူတိုင်းအတွက် ပညာရေး
ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

ဆောင်းပါးခေါင်းစဉ်သည် ရှင်းလင်းလှသည်။ လူတိုင်းအတွက်ဆိုမှတော့ ဆင်းရဲချမ်းသာမရွေး၊ ကျား/မ မရွေး၊ အသက်အရွယ်မရွေး၊ တောင်ပေါ် မြေပြန့်မရွေး၊ မြို့နှင့် တောရွာမရွေးဟု ဖတ်ရှုသူတိုင်း နားလည်သဘောပေါက် ကြပါသည်။

မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူတိုင်းကို စာတတ်မြောက်စေချင်သည်။ အသက် မွေးဝမ်းကျောင်းပညာ တတ်မြောက်စေ ချင်သည်။

တတ်မြောက်အောင် ဆောင် ရွက်ပေးရမည်ဟု အဓိပ္ပာယ်ပေါက်ကြပါသည်။

'မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်'ဟူသော ဆောင်ပုဒ်ကဲ့ သို့ပင် ဖတ်ကြားရသူတိုင်းအဖို့ ၀ါဂွမ်း ဆီထိဘိသကဲ့သို့ ပီတိဖြာ ရပါသည်။

အမှန်တကယ် ဖြစ်မြောက်လာရန် အတွက်သာ လိုအပ်ပါသည်။

အမှန်တကယ် လက်တွေ့ဖြစ်မြောက်ဖို့ ဆိုသည်မှာလည်း အကွက်စေ့အောင် အသေး စိတ် စီမံခန့်ခွဲမှု လိုအပ်လှပါသည်။

ဥပမာများပေး၍ တင်ပြပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် ထောင်တွင်း အကျဉ်းကျခံနေရသော လူငယ်များလည်း အကျုံးဝင်ပါသည်။

အသက် ၁၈ နှစ်ရှိသဖြင့် ကလေးဟု သတ် မှတ်ခြင်းမခံရတော့သည့် လူငယ်များ သည် ပြစ်မှုကျူးလွန်လျှင် လူကြီးများနှင့် အတူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံရပါသည်။

အချို့လူငယ်များသည် ငယ်စဉ်က ဘ၀ပေးအခြေအနေအရ ခြေသလုံးအိမ်တိုင်ဘ၀ ထူထောင်ကာ စားဝတ်နေရေးအတွက် ဒုစရိုက် လုပ်ငန်း ဖြင့် အသက်မွေးကြပါသည်။

တကယ့် အဖြစ်မှန်တစ်ခုကို ဖော်ပြပါမည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ ခြေသလုံး အိမ်တိုင် လူငယ်တစ်ဦးသည် မီးရထား များပေါ်တွင် ခါးပိုက်နှိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ရန်ကုန် သို့ ရောက်ရှိလာပါသည်။ ထောင်အတွင်း ၌ ပြစ်ဒဏ်ကျခံနေသော ကျောင်းဆရာ တစ်ဦးနှင့် တွေ့ဆုံ၍ ကျောင်းဆရာက စာသင်ပေးကာ ထိုလူငယ်သည် စာရေး တတ်၊ ဖတ်တတ်လာပါသည်။

ထိုအချိန် တွင် ထိုလူငယ်သည် ပြစ်ဒဏ်ကာလ စေ့ ရောက်သဖြင် ထောင်မှလွတ်ပါသည်။ နေရပ်သို့ပြန်ရန် စိတ်ကူးမရှိသည့် အပြင် စာကိုလည်း ဆက်လက်သင်ကြားလိုသဖြင့် ရန်ကုန်မြို့တွင် ခါးပိုက်ပြန် နှိုက်၍ အဖမ်းခံကာ အင်းစိန်အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာပါသည်။

ထိုလူငယ်သည် အင်းစိန်ထောင် သို့ ၀မ်းပန်းတသာ ပြန်လာပြီး စာဆက်သင်ပါသည်။ ဖြစ်ရပ်မှန်ပါ။

ဤကဲ့သို့ ဘ၀အလင်းရောင် မှုန်ဝါးဝါး လေးကို တွေ့မြင်ရသဖြင့် ပိုမိုထွန်းလင်း တောက်ပလာစေရန် မိမိနည်း မိမိဟန် ဖြင့် ကြိုးစားအားထုတ်နေသည့် အကျဉ်း ထောင်ကျ လူငယ်များစွာကို စာရေးသူ ကိုယ်တိုင် အင်းစိန်အကျဉ်းထောင်ကြီး အတွင်းသို့ သွားရောက်လေ့လာစဉ်က တွေ့ရှိခဲ့ရဖူးပါသည်။

ထိုလူငယ်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ပညာ ရေးဝန်ထမ်းများက စာသင်ကြားပေးလျက် ရှိကြပါသည်။

'အသုံးလုံးကျေ' အဆင့်မှ မူလတန်းပညာအဆင့်အထိ စာသင်ခန်းများဖွဲ့၍ စာသင်ကြားပေး နေကြသည်ကို စာရေးသူကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ရပါသည်။

စာရေးသူ၏ ကြိုးစားအားထုတ်မှုကြောင့် ပညာရေး ၀န်ကြီးဌာနမှ အင်းစိန်နှင့် မိတ္ထီလာ ထောင်များသို့ မူလတန်းဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြပါသည်။ 'လူတိုင်းအတွက် ပညာရေး' ကို ပီပီ ပြင်ပြင် ဆောင်ရွက်မည်ဆိုလျှင် အကျဉ်းထောင်တိုင်း၌ ပညာသင်ကြား လိုသူများကို ပညာသင်ပေးရန် အစီ အစဉ် သတ်သတ်မှတ်မှတ်ရှိရပါမည်။

ပညာရေးဌာန၏ အစီအစဉ်ဖြင့် နှစ်ဆုံး စာမေးပွဲမေးခွန်းထုတ်၍ စစ်ဆေးရပါ မည်။ မည်သည့်အတန်းအထိ တတ် မြောက်ပြီးဖြစ် ကြောင်းကို အသိအမှတ် ပြုလက်မှတ် ထုတ်ပေးရပါမည်။

ပြည်ထဲရေးဝန်ကြီးဌာနက အိမ်ရှင်ဖြစ်သဖြင့် ဦးစီးဦးဆောင်ပြုသင့်ပါသည်။

ပညာရေး ၀န်ကြီးဌာနကို ဖိတ်ခေါ်ညှိနှိုင်းသင့်ပါသည်။ ခိုးဆိုး နှိုက်များအဖြစ်သာ မြင်နေပြီး မပစ်ပယ်ထားသင့်ပါ။ အခြားသော အကျဉ်းထောင်အတွင်း ပစ်ဒဏ်ခံနေရ စဉ်မှာပင် အခြေခံဘွဲ့၊ ဘွဲ့လွန်ဒီဂရီများ ဆွတ်ခူးရရှိသွားသူများရှိကြပါသည်။

'လူတိုင်းအတွက် ပညာရေး' ဖြစ်စဉ် နောက်တစ်ခုရှိပါသေးသည်။ ဥပမာ ပေးပါမည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ 'မြရတနာ' အစိုးရ မူလတန်းကျောင်း ဖြစ်ပါသည်။

မြရတနာ ကျေးရွာသည် ကုသပျောက်ကင်းပြီးစီး ပြီဖြစ်သော အနာကြီးရောဂါသည် ဟောင်းများစွာဖြင့် စုစည်းတည်ထောင် ထားပါသည်။

ထိုရွာမှ မူလတန်းအရွယ် ကလေးငယ်များသည် ရွာနှင့်တစ်ဆက် တည်း မြေနေရာတွင် ဖွင့်လှစ်ထားသော အစိုးရမူလတန်း ကျောင်းတွင် ပညာသင် ကြားလျက်ရှိကြပါသည်။

ကလေးများမှာ မည်သည့်ရောဂါမျှမရှိသော လူငယ် လေးများ ဖြစ်ကြပါသည်။

ကလေးများထဲမှ ကလေးများသာ ဖြစ်ကြသည့်အတိုင်း ကလေးများသဘာဝအတိုင်း ရှိကြပါသည်။

သို့သော် ကလေးများ အားလုံးနီးပါး နွမ်းပါးကြပါသည်။

ထိုကျောင်း၏ မိဘဆရာအသင်း အစည်းအဝေးကို စာရေးသူကိုယ်တိုင် လေ့လာသူအနေဖြင့် တက်ရောက်ဖူးပါသည်။

မိဘများမှာ ရောဂါပျောက်ကင်း နေကြပြီဖြစ်သော်လည်း နေ့စဉ်သုံးစွဲ နေရသော သောက်ဆေး၊ လိမ်းဆေးများ ရှိပြီး ဆေးအနံ့သည် သာမန်လူတစ်ဦး အတွက်မှာမူ အနံ့ပြင်းထန်ပါသည်။

ထိုကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများမှာ အမှန် တကယ်ပင် အနန္တော၊ အနန္တဂိုဏ်းဝင်များ ပီသလှ ပါသည်။

ဤရွာမှ ဆင်းရဲနွမ်းပါးသော ကလေး များ၏ အလယ်တန်း၊ အထက်တန်းပညာ ရေးအတွက်မှာ မှုန်ဝါးဝါးသာ ဖြစ်ပါသည်။ တက္ကသိုလ်ဆိုသည်မှာ အိပ်မက် တစ်ခုသာ ဖြစ်ပါသည်။

အစစ အရာရာ ကို နိုင်ငံတော်မှ ကျခံပေးခြင်းမပြုနိုင်သောကြောင့် ကာယကံရှင်များကိုယ်၌ ကလည်း စရိတ်မျှဝေခံရမည်ဆိုသော မူဝါဒပင်ရှိလင့်ကစား ဤ 'မြရတနာ' အစိုးရမူလတန်းကျောင်းကဲ့သို့သော ပညာသင်ဌာနမှ ကလေးများအတွက်ကိုမူ အထူးကိစ္စ တစ်ရပ်အဖြစ် သီးခြားစဉ်း စားသင့်ပါကြောင်း အကြံပြုပါသည်။

ဤကလေးများ၏ ကိစ္စမှာ ရှေးဘ၀ ကုသိုလ်ကံအကျိုးနည်းလို့ဟူ၍လည်းကောင်း၊ အကျဉ်းထောင်ထဲမှ လူငယ် များကိုလည်း 'ခိုးဆိုးနှိုက်တွေပါကွာ'ဟူ၍ လည်းကောင်း ယနေ့ ခေတ်အခါ တွင် မျက်နှာလွှဲမထားသင့်တော့ပါ။

သို့မှ သာလည်း 'လူတိုင်းအတွက် ပညာရေး'ဆိုသော ဆောင်ပုဒ်မှာ ပီပြင်ပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် မသန်မစွမ်း ကလေးများလည်း အကျုံးဝင်ပါသည်။

နိုင်ငံတော်ပေါ် အစိုးရက မျက်မမြင် နားမကြားကလေးများ အတွက် အစီအစဉ်များ၊ ဉာဏ်ရည်နိမ့် ကလေးများအတွက် အစီအစဉ် များကို 'လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန'မှ တာဝန်ယူ၍ ဆောင်ရွက်ပေးနေကာ အတော်ပင် ပြည့်စုံအောင်လည်း ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

မျက်မမြင် နှင့် ဆွံ့အနားမကြား ဉာဏ်ရည်နိမ့်သူ များအတွက် အစီအစဉ်များ ရှိနေသော်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါ မစုံလင် သူ၊ ချို့ယွင်းနေသူ ကလေး၊ လူကြီးများ အတွက် ပံ့ပိုးမှုမှာ လစ်ဟနေပြီး 'ရွှေမင်း သားဖောင်ဒေးရှင်း'ကဲ့သို့သော ပုဂ္ဂလိက အဖွဲ့အစည်း များ၏ လှုပ်ရှားပံ့ပိုးမှုများ သာ အဓိက နေရာယူထားရပါသည်။

စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံ တစ်ခုကို ဥပမာအနေဖြင့် တင်ပြပါမည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာတစ်ရွာတွင် တဲသာသာ အိမ် လေးဖြင့် လူတန်းစေ့နေနိုင်သည်ဟူ သော အဆင့်မျှသာရှိသော ရေလုပ်သား မိသားစုတစ်စုတွင် သားသမီးများထဲ ဒီ ၁၀ တန်းကျောင်းသူတစ်ဦး ပါရှိပါသည်။

ထိုကျောင်းသူလေးမှာ မွေးဖွားစဉ်က တည်းက လက်နှစ်ဖက်စလုံးမှာ ပခုံးတွင် ငုတ်တိုကလေးများအဖြစ်သာ ပါရှိပြီး ခြေတစ်ဖက် မှာလည်း တိုနေပါသည်။

စာရေးသူ သိရှိရစဉ်ကာလက ကလေး မလေးမှာ အသက် ၁၆ နှစ်ကျော်ခန့်သာ ရှိပြီး အရပ်မှာ ငါးပေပင် မပြည့်တတ်ပါ။ ပညာကို လိုလားသဖြင့် ခြေထောက်ဖြင့် စာရေးလျက် တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာခဲ့ပြီး ညဘက်တွင် စာအုပ် ကို ကြမ်းပေါ်တွင်ချလျက် မီးခွက်ဖြင့် ခေါင်းငုံ့ဖတ်ရှုစာကျက်ရသောကြောင့် မျက်စိအတန်ပင်မှုန်နေပြီဖြစ်ပါသည်။

မိဘများမှာ ငွေကြေးအခက်အခဲကြောင့် တပ်ဆင်ထားသော မျက်မှန်၏ ပါဝါကို လည်း လဲလှယ်ပေးခြင်း မပြုနိုင်ကြပါ။

ဤအဖြစ်အပျက်များကို သိရှိသော သူတစ်ဦးမှ စာရေးသူထံ လှမ်း၍ အသိ ပေးသောကြောင့် စာရေးသူမှ ထိုကလေး ကို တွေ့ဆုံရန် စီစဉ်ခဲ့ပါသည်။ စာရေးသူ မှ မျက်မှန်အသစ်တစ်စုံ ပြုလုပ်ပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း နှစ်ချင်း ပေါက် အောင်မြင်အောင် သင်ကြားပေး ရန် ထိုကလေး၏ကျောင်းမှ ဆရာ၊ ဆရာ မများကို အကူအညီတောင်းခံခဲ့ပါသည်။

ထိုကလေးမလေး တက္ကသိုလ်ဝင် အစိုးရစစ်စာမေးပွဲကို ဖြေဆိုရာတွင် ခြေထောက်ဖြင့် ရေသားဖြေဆိုမှု အဆင် ပြေစေရန် သီးခြား စားပွဲတစ်လုံး ဒီဇိုင်းထုတ် စီစဉ်ပေးခဲ့ပါသည်။

ကလေးမလေးသည် တက္ကသိုလ်ဝင် စာမေးပွဲကို နှစ်ချင်းပေါက် ဖြေဆို အောင်မြင်ခဲ့ပြီး Applied Maths အဓိကဘာသာ ယူလိုသော ကြောင့် စာရေးသူမှပင် ပုသိမ်တက္ကသိုလ်နှင့် ညှိနှိုင်းပြီး တက်ရောက်ခွင့်ရရှိစေခဲ့ပါသည်။

ထို့ပြင် ကလေးမလေး၏ ဝေယျာဝစ္စ ဆောင် ရွက်ပေးမည့် အစ်မအရင်းဖြစ်သူနှင့် အတူတကွ နေထိုင်နိုင်ရန် ပုသိမ် တက္ကသိုလ်နှင့် ညှိနှိုင်းစီစဉ်ပေးနိုင်ခဲ့ပါသည်။

စာရေးသူ၏ မေတ္တာရပ်ခံချက်အရ ဘွဲ့ရရှိသည်အထိ ကုန်ကျမည့် ကျောင်းစရိတ်အ၀၀ကို 'စိန်ပေါကျောင်း သားဟောင်းများ အသင်း'က တာဝန်ယူ ကျခံပေးပါသည်။

ထိုထောက်ပံ့ငွေကို စနစ်တကျသုံးစွဲ၍ ထိုကလေးမလေး သည် ပိုလျှံငွေဖြင့် တစ်ဖက်မှလည်း ကွန်ပျူတာသင်တန်းကို တက်ရောက် ကာ ကွန်ပျူတာဒီပလိုမာရရှိခဲ့ပါသည်။

တက္ကသိုလ်မှ သက်မှတ်နှစ်မှာပင် ဘွဲ့ရရှိ သောအခါ စာရေးသူမှပင် 'ရွှေမင်းသား ဖောင်ဒေးရှင်း'နှင့် ချိတ်ဆက်၍ အလုပ် ခန့်ထား ပေးရေး စီစဉ်ပေးခဲ့ပါသည်။

ရန်ကုန်မြို့တွင် အစ်မနှင့်အတူ နေထိုင် နိုင်ရန်အတွက်ကိုလည်း သီးသန့်နေရာ စီစဉ်ပေးနိုင်ခဲ့ပါသည်။ အထက်ပါ ကလေးမလေး၏ အမည်မှာ 'မေဇင်အောင်' ဖြစ်ပြီး ယခုအခါ မိမိဘ၀ခရီးကို မိမိ၏အားမာန်ဖြင့် လျှောက်လှမ်းနေပြီဖြစ်ပါသည်။

မြန်မာ့ဓလေ့ထုံးစံတွင် လွဲမှားသည့် အစွဲတစ်ခု ရှိပါသည်။

ဤသည်မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသောသူများနှင့် တွဲ၍ ဓာတ်ပုံတွင် မပါဝင်လိုခြင်း ဖြစ်ပါသည်။

မြန်မာ့ရုပ်မြင်သံကြား MRTV သည်ပင်လျှင် ၂၀၁၀ ပြည့်နှစ် နှစ်လယ် ကာလအထိ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများ၏ သတင်းကို ကြေညာလျှင် အရုပ်မပါဘဲ ကြေညာလေ့ရှိပါသည်။

ဤအဖွဲ့သည် ခေတ်နောက်ကျနေပြီ ဖြစ်ပါသည်။

ယခုအခါ နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများ ရှိလာ သောအခါ 'မေဇင်အောင်'သည် မင်းသမီးတစ်ဦး ဖြစ်၍လာနေပါပြီ။

မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်မှ မေဇင်အောင်ကို သရုပ်ဆောင်စေလျက် ကလေးမလေး၏ ဘ၀ဖြစ်စဉ်ကို ဇာတ်လမ်းဖွဲ့၍ ရိုက်ကူး ပြသလျက် ရှိနေပါပြီ။

သို့သော် မြန်မာ တစ်နိုင်ငံလုံးတွင် မေဇင်အောင်ကဲ့သို့ ယောက်ျားလေး၊ မိန်းကလေးများ များစွာ ကျန်ရှိနေပါသေးသည်။

ဖတ်ရှုသူများအနေဖြင့် ဘူတာရုံများ၊ အဝေးပြေးကားဂိတ်များတွင် အကြော်စုံ၊ ဘဲဥပြုတ်၊ ရေနွေးရောင်းနေသော ကလေးများကို တွေ့မြင်ဖူးကြပါမည်။

ထိုကျောင်းနေအရွယ်ကလေးများသည် နိစ္စဓူဝ ဘူတာရုံနှင့် ကားဂိတ်များတွင် အချိန်ပြည့် တစ်နေ့လုံးနီးပါး ၀မ်းစာ ရှာဖွေနေကြ ရသဖြင့် ပုံမှန်ကျောင်းချိန် ဖြင့် သင်ကြားပေးသော အစိုးရကျောင်း များသို့ မတက်ရောက်နိုင်ကြပါ။

ထိုကလေးများအတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် UNICEF မှ စမ်းသပ်မြို့နယ်အချို့တွင် ကျောင်းပြင်ပ၊ ပညာရေး အနေဖြင့် ညကျောင်းများ ဖွင့်လှစ်၍ မူလတန်းပညာရေးနှင့် HIV / AIDS ကာကွယ်တားဆီးရေးများ သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်။

........
Myanmar Times

လူတိုင်းအတွက် ပညာရေး

ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

(ယခင်ပတ်မှအဆက်)

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝမှာ လုပ်ငန်းစဉ်တစ်ရပ်ကို ပုံစံဖော်၍ လမ်းကြောင်းပေါ်တင်ပေးခြင်းသာ ပြုလုပ် ပါသည်။ လမ်းကြောင်းပေါ်သို့ ရောက်ရှိ၍ လုပ်ငန်းအရှိန် အဟုန်ရရှိလာသည်နှင့် အဆိုပါကုလ သမဂ္ဂအဖွဲ့အစည်းသည် ထိုလုပ်ငန်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပါသည်။

သက်ဆိုင်ရာဌာနမှ ထိုလုပ်ငန်းကို ရေရှည်တည်တံ့၍ ပိုမိုတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်ရပါသည်။

စာရေးသူသည် တောင်ငူမြို့ရှိ အဆိုပါ ကုလသမဂ္ဂအဖွဲ့ ဦးစီးသည့် ကျောင်း ပြင်ပ ပညာရေးညကျောင်းသို့ သွားရောက် လေ့လာ ဖူးပါသည်။

ကလေးများသည် သင်ကြားမှုကို စိတ်ပါဝင်စားစွာ နာယူလျက်ရှိကြပြီး UNICEF မှ ခန့်အပ်ထားသော မြန်မာလူမျိုး ဆရာ၊ ဆရာမ များသည်လည်း လစာငွေကောင်းကောင်း ရရှိထားကြသဖြင့် ကြိုးစား သင်ကြားပေးနေကြပါသည်။

ပညာရေး ဌာနသို့ လွှဲပြောင်းပေးသည့်အခါ လက်ရှိ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း တိုးချဲ့နိုင်ရန် အရေးကြီးပါသည်။

နိုင်ငံတော်အစိုးရသည် အစစအရာရာ ကိစ္စအ၀၀အတွက် ငွေကုန်ကြေးကျကို တာဝန်မယူနိုင်ပါ။

'လူတိုင်းအတွက် ပညာရေး' ကို အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနက နိုင်ငံတော် အစိုးရထံမှ မူဝါဒတောင်းခံပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စိန်ပေါကျောင်း သားဟောင်းများအသင်းကဲ့သို့ အသင်း အဖွဲ့အစည်းများ ညှိနှိုင်း၍ ကူညီ ထောက်ပံ့ငွေရရှိရေး စီမံဆောင်ရွက်သင့်ပါသည်။

ယခု ဤဆောင်းပါးတွင် ဖော်ပြထားသော သာဓကများမှာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သော ဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။

သစ်တောရေးရာဌာန၏ ရွေ့လျား သစ်စခန်းများရှိ လုပ်သားများ၏ ကလေးငယ်များ၊ ရွေ့လျားတောင်ယာစခန်းများရှိ ရွာသားများ၏ ကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ရည်စူး၍ ရွေ့လျားကျောင်း (Mobile School) ဟူ၍ တီထွင်လှုပ်ရှားခဲ့ဖူးပါ သည်။

ရေရှည်မတည်တံ့ဘဲ ၀န်ကြီးဌာန တာဝန်အလွှဲအပြောင်းနှင့်အတူ ပျောက်ကွယ်သွားပါသည်။

ဤတာဝန်ကို ထမ်း ဆောင်ခဲ့ကြသော ဆရာများအနေဖြင့်လည်း ထူးခြားအခွင့်အရေး ပံ့ပိုးမှုမရရှိဘဲ တောထဲတောင်ထဲ၊ မိုးထဲရေထဲ မိမိထမင်း မိမိချက်၍ ခြေလျင်လိုက်နေရသောကြောင့် တက်ကြွမှုမရှိပါ။

အမှန်တကယ် ရေရှည်အတွက် ဆောင်ရွက်မည်ဆိုလျှင် အသေးစိတ်စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

ဤဆောင်းပါးသည် ကလေးနှင့် လူငယ်များ၏ ပညာရေးကို အဓိကထား ဖော်ပြနေပါသည်။

'လူတိုင်းအတွက် ပညာရေး'ဟု ဆိုလျှင် လူလတ်၊ လူကြီး၊ သက်ကြီးရွယ်အိုများနှင့်လည်း သက်ဆိုင်ပါသည်။

သက်ကြီးရွယ်အိုများ စိတ်အားမငယ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ ၀ါသနာအလျောက် ပန်းချီပညာ၊ ဇာထိုးပန်းထိုးပညာ၊ စစ်တုရင်ပညာ၊ ယိမ်းကသကဲ့သို့ စုပေါင်းပြီး ဖြည်းညင်းစွာ လှုပ်ရှားရသည်။

'တိုက်ချိ'သိုင်းပညာများကို စုစည်းသင်ကြားပေးပါသည်။

'မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်'ဟု ခေါင်းစဉ်လှလှတပ်လိုက်ရုံဖြင့် ကိစ္စတစ်ခုမှာ ပြီးစီးမသွားပါ။

'လူတိုင်းအတွက် ပညာရေး'ဟု ဆိုရာ၌ ပညာရေးဟူသောကိစ္စသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါသည်။

တာဝန်ရှိပုဂ္ဂိုလ်များကပင်လျှင် ဘွဲ့ရလျှင် စာသင်တတ်သည်။

စာသင်တာ ဘာခက်လို့လဲဟူသော စကားကို ပြောဆိုတတ်ကြပါသည်။

ဤစကားအတိုင်းလည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့၊ အချို့နေရာများတွင် ကျင့်သုံး ဆဲဖြစ်ပါသည်။

စာသင်တာ စာအုပ်ဖတ် ပြ၊ ရှင်းလင်းပြ၊ ရေးခိုင်း၊ အလွတ်ကျက် ခိုင်း၊ ဖြေခိုင်း ဟူ၍ သဘောပေါက်ကြပါသည်။

ဒါသင်၊ ဒါမေး၊ ဒါဖြေများ ဖြစ်ပါသည်။

လွယ်မယောင်နှင့်ခက် ဆိုသောစကားကို ရှင်းလင်းပါမည်။

'ပညာ'၏ ပထမအဆင့်မှာ 'သညာ' ဖြစ်ပါသည်။ 'အမှတ်သညာ'ကို ဆိုလိုပါသည်။

'က၊ ခ၊ ဂ' "A, B, C, D" ကို အလွတ် ရအောင် ကျက်မှတ်ရပါသည်။

အလီ များကို အလွတ်ရအောင် ကျက်မှတ်ရပါသည်။

တစ်ပေမှာ ၁၂ လက်မ၊ တစ်ကိုက်မှာ သုံးပေ၊ တစ်မိုင်မှာ ၁,၇၆၀ ကိုက်၊ တစ်ပေါင်မှာ ၁၆ အောင်စ တို့ကို အလွတ်ကျက်မှတ်ရ ပါသည်။

အတန်းရလာသောအခါ သီအိုရမ်များ၊ ဓာတ်ငွေ့ ထုတ်ဖော်ပုံများ၊ ချားလ်စ်နိယာမ၊ ဘွိုင်းလ်စ်နိယာမများကို အလွတ်ကျက် မှတ်ရ ပါသည်။

ထိုအမှတ်သညာဖြင့် အလွတ်ကျက်မှတ်ထားသော အချက်အလက်များကို မေးခွန်းအတွက် အဖြေနှင့် ပုစ္ဆာများတွင် အံဝင်ခွင်ကျ အသုံးပြုတတ်ပါမှ 'ပညာ' ဖြစ်ပါသည်။ 'တိမ်မယောင်နှင့် နက်' ဆိုသည်မှာ ပညာတွင် ဆက်စပ်တွေးခေါ်မှုကို အဓိကထားပါသည်။

ဒါကျက်၊ ဒါမေး၊ ဒါဖြေသည် သညာအဆင့်သာ ရှိပါသည်။

ကလေးများ၊ လူငယ်ကျောင်း သားကျောင်းသူများ တွေးခေါ်တတ်လာ စေရန် ဆရာ၊ ဆရာမများမှ တွေးခေါ်ရန် လမ်းစများကို ဖွင့်ပေးရပါမည်။

အတွေး အခေါ်များ လမ်းလွဲလိုက်မသွားစေရန်လည်း ထိန်းကျောင်းပေးရပါမည်။ မှန်ကန်သောကောက်ချက် ဆွဲယူတတ် စေရန်လည်း သင်ပေးရပါမည်။

ပညာသင်ကြားပေးသည့် ကျောင်း၊ တက္ကသိုလ် ဆိုသည်မှာလည်း ပညာ တတ်ရန် တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အားကစား၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာရေး၊ တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှု၊ စက်မှု လက်မှု အတတ်ပညာ၊ သုခုမ အနုပညာ စသည့် ပညာရပ်အားလုံးကို လေ့ကျင့် ပြုစု ပျိုးထောင်ပေးရာဌာန ဖြစ်ပါသည်။

သို့ဖြစ်၍ လုပ်ငန်းသဘာဝဆိုတာ တိမ်မယောင်နှင့် နက်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ 'လူတိုင်းအတွက် ပညာရေး'ဆိုသည့် ဆောင်ပုဒ်သည် အလွန်တရာမှပင် ကျယ်ဝန်းလှပါသည်။

ဘက်စုံထောင့်စုံအောင် ဆောင်ရွက်မည်ဆိုလျှင် အတော်ပင် ကြိုးစားဆောင်ရွက်ရမည့် အနေအထားဖြစ်ပါသည်။

လူကြီးမှ လာရောက်စစ်ဆေး မေးမြန်းစဉ် ရှင်းလင်း ပြသရုံသက်သက်မျှသာဆိုလျှင်တော့ လွယ်ကူပါသည်။

ဤသို့ဆိုသော် နိုင်ငံတော်၏ လူသားအရင်းအမြစ်တွင် လွန်စွာမှပင် ရေရှည်အတွက် နစ်နာလှပါသည်။

သို့ဖြစ်၍ နိုင်ငံတော်၏မျက်နှာကို ထောက်ထားပြီး 'လူတိုင်းအတွက် ပညာရေး'ကို အမှန်တကယ် ကြိုးစား အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
..........
Myanmar Times
Twitter Delicious Facebook Digg Stumbleupon Favorites More